MT News

Written by Nay Aung

ထိုင်း-စင်ကာပူ အစားအစာနှင့်အဖျော်ယမကာကုမ္မဏီတစ်ခုဖြစ်သော Fraser & Neave (F&N)သည် မြန်မာနိုင်ငံတွင် ဘီယာစက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်းအဆိုပါ ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။

F& N ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် မြေငှားရမ်းကာ ဘီယာစက်ရုံတည်ဆောက်ဖွယ်ရှိနေပြီး ပြည်တွင်းရှိ မြန်မာကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် မြေဧက ၃၅ ဧကကို နှစ်ပေါင်း ၅၀ကြာ ငှားရမ်းသုံးစွဲခွင့်အခွင့်အရေးရရှိမည်ဖြစ်သလို အရက်လိုင်စင်လည်းရရှိထားကြောင်း သိရသည်။

F&N သည် မြန်မာနိုင်ငံရှိ Win Brothers Group နှင့် ပူးပေါင်းလုပ်ကိုင်ရန်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ Win Brothers Group သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆယ်စုနှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ဖူးသည့်အတွေ့အကြုံရှိသော ကုမ္ပဏီဖြစ်သည်။ ၁၉၉၀ တွင်စတင်တည်ထောင်ခဲ့သော Win Brothers ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သလို ဒါရိုက်တာတစ်ဦးဖြစ်သော ဦးဇော်ဝင်းသည် မြန်မာနိုင်ငံ၏ အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းတွင် အတွေ့အကြုံရင့်ကျက်သူဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် နိုင်ငံတကာဖိအားများကြောင့် မြန်မာ့စီးပွားရေးကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီအချို့ လုပ်ငန်းများပြန်လည်ရုတ်သိမ်းနေချိန်တွင် F&N က မြန်မာဘီယာလုပ်ငန်းတွင်ပါဝင်လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ F&N ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဘီယာလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားဖွယ်ရှိနေကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် အစုရှယ်ယာများ ပါဝင်မှုအခြေအနေများကို နောက်ထပ် ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။

F&N ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပါဝင်လုပ်ကိုင်ခဲ့ဖူးသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် မြန်မာဘီယာလုပ်ငန်း၌ ပါဝင်လုပ်ကိုင်ခဲ့ဖူးသော်လည်း လုပ်ငန်းများပြန်လည်ရုတ်သိမ်းခဲ့ဖူးသော ကုမ္မဏီဖြစ်ကြောင်း သိရသည်။

Ref- Fraser & Neave (F&N)

Leave a Reply

Your email address will not be published. Required fields are marked *

Related News