၂၃. ၇. ၂၀၂၃
Written by Nay Aung

တရုတ်နိုင်ငံ၏ ပိုမိုတိုးတက်လာနေသော မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် လေစွမ်းအင်ထုတ်လုပ်ရေးကဏ္ဍများကို  ဖြည့်ဆည်းနိုင်ရန်အတွက် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း မြန်မာနိုင်ငံမှထွက်ရှိသော မြေရှားသတ္တု(Rare Earth) တင်သွင်းမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ မြေရှားသတ္တုအများဆုံး ပို့ဆောင်ပေးနေသော နိုင်ငံများထဲတွင် ဒုတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ယခုနှစ် ပထမခြောက်လကျော်အတွင်း မြန်မာနိုင်ငံမှရရှိသော မြေရှားသတ္တုအရိုင်းနှင့် သတ္တုဒြပ်ပေါင်း မက်ထရစ်တန်ချိန် ၃၄၂၄၁ တန်တင်သွင်းခဲ့ရာ ပြီးခဲ့သော ၂၀၂၂ခုနှစ် ပထမခြောက်လနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ၉ ဆနီးပါးမြင့်တက်လာခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ကနေဒါအခြေစိုက် Adamas Intelligence အဖွဲ့က မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံအတွက် မြေရှားသတ္တုများ အများဆုံးတင်ပို့နေသောနိုင်ငံဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံမှ လိုအပ်သည့် Dysprosium, Yttrium နှင့် Terbium တို့အပါအဝင် မြေရှားသတ္တု ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့ကြောင်းဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်နယ်စပ်ဒေသတစ်လျှောက် တင်းကြပ်သောစည်းကမ်းများချမှတ်ခဲ့ပြီးနောက် မြေရှားသတ္တုတင်ပို့မှုများ နှောင့်နှေးခဲ့ရသော်လည်း လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော စည်းကမ်းများကို ပြန်လည်ဖြေလျှော့ပေးခဲ့ရာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်သွင်းမှုများသည် ယခုတစ်နှစ်လုံးအတွင်း သိသိသာသာမြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအပေါ် မြေရှားသတ္တုအဓိကတင်ပို့နေသော အမေရိကန်နိုင်ငံ၏ သင်္ဘောဖြင့်တင်ပို့မှုများသည် ၂၀၂၃ ခုနှစ်ပထမနှစ်ဝက်အတွင်း ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏အချက်အလက်များအရ သိရသည်။

မြေရှားသတ္တုကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗီဖန်သားပြင် စသော အသေးစား ခေတ်မီလျှပ်စစ်ပစ္စည်းများတွင်သာမက လျှပ်စစ်ကားထုတ်လုပ်ရေးအတွက်လည်း အသုံးပြုရသလို  စစ်ဘက်သုံးတိုက်လေယာဉ်စသောတန်ဖိုးကြီး ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနေရကြောင်းသိရသည်။ တရုတ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော လာအိုနိုင်ငံကလည်း ယခုနှစ်တွင် တရုတ်နိုင်ငံသို့ မြေရှားသတ္တုများ သင်္ဘောဖြင့်တင်ပို့မှုများရှိလာခဲ့ကြောင်းသိရသည်။

Ref- channelnewsasia

Leave a Reply

Your email address will not be published. Required fields are marked *