၂၃. ၇. ၂၀၂၃
Written by Phyo Wei

အိန္ဒိယနိုင်ငံက မြန်မာနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး အာဆီယံနိုင်ငံတွေကို လျှပ်စစ် ရောင်းချနိုင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း ဒေါ်လာကိုစိစစ်ပြီး လိုအပ်တာပဲ တင်သွင်းနေတာကြောင့် စစ်တွေနဲ့ မောင်တောက ပို့ကုန်တင်ပို့မှု အရင်ထက် ရာခိုင်နှုန်း ၉၀ လောက် လျော့ကျလာပြီး ကုန်သွယ်မှုလိုငွေ မြင့်သထက် မြင့်တက်လာတဲ့ ဒီရက်သတ္တပတ်မှာ လူထုအကြား ထူးခြားတဲ့ဖြစ်စဥ်ကတော့ ၂၀၀၀၀ တန် ငွေစက္ကူအသစ်ရိုက်ထုတ်မယ်ဆိုတဲ့ သတင်းပါ။

ဒီသတင်းဟာ နဂိုကတည်းကမှ ရွှေနဲ့ဒေါ်လာကို မနည်းထိန်းနေရပြီး တားမရဆီးမရတက်နေလို့ လူထုကြားအကျပ်ရိုက်နေတဲ့ကားစျေးနဲ့ အိမ်ခြံမြေစျေးအပေါ် ဘယ်လောက်တောင် စျေးနှုန်းဆောင့်တက်မလဲ တွေးပူစရာအ​​ခြေအနေဖြစ်လာခဲ့ပြီမို့လို့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ NUG က သူ့ နွေဦးဖွံ့ဖြိုးရေးဘဏ်အတွက် မ,တည်ငွေ ဒေါ်လာငါးသိန်းသတ်မှတ်မှာဖြစ်ပြီး အစုရှယ်ယာ ဘီလျံ ၁၀၀ သတ်မှတ်မယ် ပြောလာတာ၊ မြန်မာလူဦးရေရဲ့ တစ်ဝက်နီးပါးက ဆင်းရဲ နွမ်းပါးမှု သတ်မှတ်မျဥ်းအောက် ရောက်ရှိနေပြီလို့ ဗြိတိန်အစိုးရ ထုတ်ပြန်လာတာနဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူရိုက်ထုတ်မယ်လို့ ကြေညာလိုက်တဲ့အကြောင်းတွေကိုပဲ သုံးသပ်ချင်ပါတယ်။

အစုရှယ်ယာပေါင်း ဘီလျံ ၁၀၀ မ,တည်မှာဆိုတဲ့ NUG ရဲ့ နွေဦးဘဏ်

တော်လှန်ဖို့အကြောင်းပြချက်နဲ့ ငွေရဖို့ နည်းမျိုးစုံရှာဖွေနေတဲ့ NUG ဟာ ဒီတစ်ပတ်မှာတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဖွင့်လှစ်မယ်လို့ ကြေညာလိုက်ပြီး ဒီဘဏ်မှာတော့ မ,တည်ငွေ ဒေါ်လာငါးသိန်းနဲ့ သာမန်အစုရှယ်ယာ ဘီလျံ ၁၀၀ ထုတ်ဝေမယ်လို့ ပြောလာတာပါ။ ဒီ့အတွက်တော့ NUG က ရှယ်ယာတစ်စုကို ၀.၀၀၀၁ ဒေါ်လာနဲ့ အစုရှယ်ယာရဲ့ ၅၁ ရာခိုင်နှုန်းယူမှာဖြစ်လို့ အစုရှယ်ယာ သန်းပေါင်း ၅၁၀၀၀ ကို ချုပ်ကိုင်မှာပါ။

ပြည်သူဆီက ငွေရပြီးရောထောင်ထားတဲ့ ကမောက်ကမ ဒီဘဏ်ဟာ ကမ္ဘာပေါ်မှာ အစုရှယ်ယာအများဆုံး လေထဲကဘဏ်ဖြစ်လာပြီး ရှေ့မှာရောင်းခဲ့တဲ့ NUG ငွေတိုက်စာချုပ်တွေလို အဟောသိကံဖြစ်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ တစ်ဖက်မှာလည်း ဒီဘဏ်ဖွင့်တာနဲ့အတူ အမေရိကန်မှာ Freeze လုပ်ခံထားရတဲ့ မြန်မာ့နိုင်ငံခြားအရန်ငွေ ဒေါ်လာတစ်ဘီလျံကို အမေရိကန်ဆီကနေ တောင်းခံတာမျိုးလုပ်လာနိုင်သလို စင်ကာပူမှာအပ်ထားတဲ့ နိုင်ငံခြားအရန်ငွေဒေါ်လာ ၄ ဘီလျံခွဲကိုပါ Freeze လုပ်ခံရအောင် ကြိုးပမ်းမယ်လို့ ပြောနေတာကြောင့် ဒါတွေကရော တကယ်မလုပ်နိုင်ဘဲ ပြောနေတာလားဆိုတာ စောင့်ကြည့်ရမှာပါ။

လူဦးရေထက်ဝက် ဆင်းရဲတွင်းနက်နေပြီဆိုတဲ့ မြန်မာ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဗြိတိန်-မြန်မာ မိတ်ဖက်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု UK–Myanmar Development Partnership အခြေအနေကို ထုတ်ပြန်တဲ့အထဲ မြန်မာနိုင်ငံက လူဦးရေအားလုံးရဲ့ ၄၈ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်မျဥ်းအောက်ရောက်ရှိနေတဲ့ အကြောင်းနဲ့ အဲ့ဒီ အရေအတွက်ဟာ ၂၀၁၇ ခုနှစ်နဲ့ ယှဉ်ရင် မြင့်တက်နေတာ ဖြစ်ပြီး အဲ့ဒီတုန်းက မြန်မာရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေရဲ့ ကာကွယ်ဆေးထိုးနှံနိုင်မှုနှုန်းပါကျဆင်းခဲ့ပြီး ဝက်သက်ရောဂါ၊ ပိုလီယိုရောဂါဖြစ်ပွားလာနိုင်တဲ့ ခြိမ်းခြောက်မှုရှိနေသလို နေရပ်စွန့်ခွာနေရသူ အားလုံးရဲ့ သုံးပုံတစ်ပုံက ကလေးငယ်တွေ ဖြစ်ပြီး မြန်မာ ကလေး ငါးသန်းကျော် ကျောင်းမတက်ရဘဲ ရှိနေတယ်လို့ ဖော်ပြထားတာပါ။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုနဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရမှု အခြေအနေတွေ ဆိုးလာခဲ့တယ်လို့လည်း ရေးထားတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တည်ငြိမ်မှုလမ်းကြောင်းပေါ် ပြန်ရောက်အောင် အဖြေရှာရေး ကူညီဖို့၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးဖို့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ ထိခိုက်လွယ်သူတွေ ပဋိပက္ခရဲ့ သက်ရောက်မှုဒဏ် လျော့ပါးစေရေး ကူညီပေးဖို့ စိတ်ဝင်စားတယ်လို့လည်း ရေးထားတာပါ။

လက်ရှိမြန်မာနိုင်ငံဟာ သူတစ်လူငါတစ်မင်းနဲ့ နေရာအနှံ့မှာစစ်ပွဲတွေဖြစ်နေ၊ အလုံးစုံပျက်သုဥ်းရေးကို ဝိုင်းပြီးလုပ်နေတာမို့ စစ်ပွဲတွေရပ်မှပဲ ပြည်သူ့ဘဝပျက်မှုကာလပြီးဆုံးမှာဖြစ်ပြီး ဒီအခြေအနေက လွတ်မြောက်ဖို့ တစ်ခုတည်းသော အဖြေကရွေးကောက်ပွဲဖြစ်မြောက်ပြီး အရပ်သားအစိုးရတက်လာဖို့ပါပဲ။ အဲဒီလိုမဟုတ်ဘဲ ဘယ်သူမှမနိုင်တဲ့ ဒီပွဲကို ဆက်အားပေးနေသရွေ့တော့ အနှစ် ၂၀ လောက်ပြည်သူအချင်းချင်းသတ်ဖြတ် နိုင်ငံလူဦးရေ ၉၀ ရာခိုင်နှုန်းအထက် ဆင်းရဲမွဲတေမှုမျဥ်းမှာ ဘဝပျက်လာစရာအကြောင်းရှိနေပါပြီ။

၂၀၀၀၀ တန် ထုတ်ဝေမဲ့ဂယက်

ရွှေနဲ့ဒေါ်လာတောင် မျက်ခြေမပြတ်စောင့်ကြည့်နေရပြီး စျေးဆွဲတင်ခံရလိုက် ခေါ်ယူစစ်ဆေး ခံဝန်ထိုးခိုင်းလိုက်လုပ်နေရပြီး ကုန်စျေးနှုန်းမြင့်တက်လို့ ပြည်သူကျပ်တည်းနေတဲ့နိုင်ငံ၊ ငွေဖောင်းပွမှု ဖြစ်သင့်တာထက်မြင့်တက်နေတဲ့နိုင်ငံမှာ ကျပ် ၂၀၀၀၀ တန် ထုတ်ဝေမဲ့ဂယက်ဟာ အင်မတန်ရိုက်ချက်ပြင်းပါတယ်။

တစ်ဖက်မှာလည်း ထိန်းကျောင်းမှုမရှိဘဲ ဟ ပေးထားတဲ့ အိမ်ခြံမြေနဲ့ ကားတွေလို အခြေပစ္စည်းတွေစျေးနှုန်းဟာ ဖြုတ်ချခံ NLD အစိုးရဟောင်းလက်ထက်ကထက် သုံးလေးငါးဆမက မြင့်တက်နေတဲ့ အခြေအနေမျိုးမှာ ကျပ် ၂၀၀၀၀ တန် ထုတ်မဲ့ဂယက်ဟာ မြန်မာ့ကျပ်ငွေဖောင်းပွမှုကို အဆိုးဆုံးအထိ တွန်းပို့မဲ့သတင်းဖြစ်ပြီး အခုကို အိမ်ခြံမြေနဲ့ကားတွေ ရွှေတွေ အရောင်းတွေပိတ် ခေါ်စျေးကို နေ့ချင်းရက်ချင်းတိုးခေါ်လာနေပြီး အခြေခံလူတန်းစား အဆင့်လောက်မှာကို မနေ့ကအထိ သိန်း ၅၅၀ လောက်အော်နေတဲ့မြေကွက်ဟာ သိန်း ၆၀၀ ပြောင်းခေါ်တာမျိုး ဆယ်ဆနီးနီးခေါ်စျေးတက်လာတာပါ။

ဖြေတွေး တွေးစရာတစ်ခုကတော့ ဇူလိုင် ၃၁ ရက်မှာ စတင်ထုတ်မဲ့ ကျပ် ၂၀၀၀၀ တန်ဟာ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှုနဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒက တစ်နှစ်ပြည့်မွေးနေ့ အမှတ်တရသဘော အကန့်အသတ်နဲ့ထုတ်ဝေမှာ၊ ဟောင်းနွမ်းစုတ်ပြဲပိုက်ဆံတွေလဲလှယ်ဖို့ပဲသုံးစွဲမှာနဲ့ ဒီလိုမျိုး အထိမ်းအမှတ်ငွေစက္ကူ (Commemorative Banknote) ဖြစ်တဲ့ ဗိုလ်ချုပ်ပိုက်ဆံ ၁၀၀၀ တန်၊ ၅၀၀ တန်တွေဟာ လူထုကြားမှာ အများကြီး မပျံ့ခဲ့တာ၊ ငွေဖောင်းပွမှုမဖြစ်အောင် ထိန်းနိုင်ခဲ့တာကြောင့်လည်း ဒီ Commemorative Banknote ၂၀၀၀၀ တန်ဟာ ငွေဖောင်းပွမှုမဖြစ်အောင် ဗဟိုဘဏ်လုပ်ဆောင်နိုင်မလား တွေးစရာရှိနေတာပါ။

သေချာတာကတော့ ငွေစက္ကူအသစ်ရိုက်ထုတ်တိုင်းမှာ လူတွေရဲ့ကြောက်လန့်မှု၊ ဝိသမလောဘသားတွေရဲ့ စျေးဆွဲတင်မှုတွေကြောင့် ကုန်စျေးနှုန်းမြင့်တက်တာချည်းပါ။ ဒီလိုမျိုး ကုန်စျေးနှုန်းမြင့်တက်စေနိုင်တဲ့ ငွေရိုက်ထုတ်မှုလုပ်ပြီးရင်တော့ ထိန်းကျောင်းဖို့လိုမှာပါ။ ထိန်းကျောင်းမှုမရှိရင် တစ်ဒေါ်လာ ၁၀၀၀၀၊ ရွှေတစ်ကျပ်သား သိန်း ၁၀၀ လောက်အထိ ဆွဲခေါ်တော့မဲ့ နိုင်ငံရေးပဋိပက္ခကာလမှာ ၂၀၀၀၀ တန် ငွေစက္ကူရိုက်ထုတ်လို့ ပြည်သူမကျပ်တည်းအောင် ထိန်းကျောင်းဖို့ တာဝန်ရှိလာမှာပါ။ လူထုမဆူပူဖို့ ရွှေနဲ့ဒေါ်လာ ထိန်းရုံလေးတင်မက ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာ၊ အိမ်ခြံမြေနဲ့ကားလို အခြေပစ္စည်းတွေ လေးငါးဆမက စျေးဆွဲတင်ခံရတာတွေကလည်း ပြည်သူ့လူနေမှုဘဝကို ဆိုးဆိုးရွားရွားထိခိုက်လို့ ထိန်းဖို့လိုပါတယ် တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *