Happy Water နှင့် ခဲယမ်းများသယ်ဆောင်လာသူ ရန်ဖူချီကို တွေ့ရစဥ်

၂၇. ၁၀. ၂၀၂၂

Written by Thettant

စိတ်ပြောင်းမူးယစ်ဆေးဝါးပုံစံသစ် Happy Water သိန်း ၂၂၀၀ ကျော်ဖိုးနှင့် ကျည်တောင့် ၂၈၀၀ သယ်ဆောင်လာသူအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ်၊ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းတုံမြို့ဘက်မှ မိုင်းပန်မြို့ဘက်သို့ ရန်ဖူချီ မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၂.၀၇၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂၇၈.၁ သိန်း)၊ 12 ဗိုပြောင်းချောကျည် ၉၀၀ တောင့်၊ 9 mm ကျည် ၁၉၀၀ တောင့်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် ခဲယမ်းများသယ်ဆောင်လာသူ ရန်ဖူချီ(၃၀)နှစ်အား လတ်တလောတွင် မိုင်းပန် မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

Happy Water ဆိုသည့် မူးယစ်ဆေးဝါးအသစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှထွက်ရှိသည့် မူးယစ်ဆေးဝါးအသစ်ဟုဆိုကာ ထိုင်းနိုင်ငံမှ တင်းကျပ်စွာစစ်ဆေးမှုပြုလုပ်နေသကဲ့သို့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများတွင်လည်း အဆိုပါမူးယစ်ဆေးကို သတိပြုစစ်ဆေးနေသည်။ Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါးများဖြစ်သော Ketamine၊ Ecstasy၊ ICE(Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်၊ Tramadol အမှုန်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *