လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် မြေပုံညွှန်း

MT News

Written by Naing Thuta

မန္တလေးမြို့ရှိ အိုးအိမ်တိုက်တန်း မြေကွက်လပ်ပေါ်၌ နေအိမ်လိုင်းခန်း ကြီးကြပ်မှုညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ် လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်သွား၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ လူ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ ၂၅ လမ်းဘေးတွင်ရှိသော အိုးအိမ် တိုက်အမှတ်(၆)ရှေ့မြေကွက်လပ်ပေါ်၌ နေအိမ်လိုင်းခန်း ကြီးကြပ်မှုညှိနှိုင်းအစည်းအဝေးကို အမှတ်(၁ ၊၂ ၊ ၃ ၊ ၄၊၅၊ ၆ )တိုက်ခန်းများမှ ကိုယ်စားလှယ် ၂၀ ခန့် အစည်းအဝေးပြုလုပ်နေစဉ် ၂၅ လမ်းမပေါ်၌ အရှေ့မှ အနောက်သို့ အမျိုးသားနှစ်ဦး မောင်းလာသည့် ဆိုင်ကယ်ပေါ်မှ အနောက်တွင်ထိုင်နေသည့်သူက လက်လုပ်ဗုံး(၁)လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အစည်းအဝေးပြုလုပ်နေသည့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အိုးအိမ်တိုက်တန်းရှိ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရ သိရသည်။

“လက်လုပ်ဗုံးနဲ့ပစ်သွားတာတော့ဟုတ်တယ်။ ကျွန်တော်တို့ တိုက်ခန်းအစည်းအဝေးလုပ်နေစဉ် လက်လုပ်မိုင်းနဲ့ လာပစ်သွားတာ။ လူ ၄ ယောက်တော့ ဒဏ်ရာရသွားတယ်။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတော့ ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေကြတယ်။ အခြားပစ္စည်းတွေတော့ ဘာမှမဖြစ်သွားဘူး ။ တော်သေးတယ် လူတွေ မသေသွားတာ။ ၉ နှစ်အရွယ် ကလေးတစ်ဦး၊ ကျောင်း ဆရာမတစ်ဦး ၊ ရုပ်/သံ ဝန်ထမ်းတစ်ဦး၊ စည်ပင်ဝန်ထမ်းတစ်ဦးတော့ ထိသွားကြတာပေါ့။ အခုတော့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းပေါက်ကွဲမှုတွင် တိုက်အမှတ်(၂)နေ အသက် ၂၄ နှစ်အရွယ် စည်ပင်ဝန်ထမ်း မောင်သုခပြည့်စုံသည် ယာပေါင် ဗုံးစထိမှန် ဒဏ်ရာ(၁)ချက်၊ ကျောယာဘက် ဗုံးစထိမှန် ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ တိုက်အမှတ်(၅)နေ အသက် ၄၂ နှစ်အရွယ် ရုပ်/သံဝန်ထမ်း ဦးအောင်ခိုင်သည် ကျောယာဘက်ဗုံးစ ထိမှန်ဒဏ်ရာ(၂)ချက်၊ ယာခြေကျင်းဝတ် ဗုံးစထိမှန်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်ခင်ခင်သွယ်သည် ဦးခေါင်းနောက်စေ့ ဗုံးစထိမှန် ဒဏ် ရာ(၁)ချက်(မစိုးရိမ်ရ) နှင့် သက် ၉ နှစ်အရွယ် မအိမ့်သွန်းဆက်သည် ခြေကျင်းဝတ် ဗုံးစထိမှန်ဒဏ်ရာ(၁)ချက်၊ ကျောယာဘက် ဗုံးစထိမှန် ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)တို့ အသီးသီးဒဏ်ရာရရှိခဲ့သဖြင့် နန်းတော်ရှေ့” လူမှုကူညီရေး အသင်းယာဉ်ဖြင့်မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံး လာရောက်ပစ်ပေါက်သူများအား အိုးအိမ်တာဝန်ရှိသူတစ်ဦးမှ ပုသိမ်ကြီးမြို့မရဲစခန်းသို့ အောက်တိုဘာလ ၂၅ ရက်နေ့ကတိုင်းချက်ဖွင့်၍ တိုင်းကြားထားကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့မှ ​တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိနေကြောင်း သိရပြီး ၎င်းပစ်ခတ်ပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို ယနေ့အထိ မသိရှိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *