MT News

Written by Min Mahar

ကလေးမြို့နယ်၊ ကလေး-ကလေးဝ ကားလမ်းပေါ်တွင် PDF များ ထောင်ထားသည့် မပေါက်ကွဲသေးသော Remote Control မိုင်း ၇ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိ၍ သက်မဲ့ပြုလုပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြေင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် မနက် ၈ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာနှင့် ကွန်ပျူတာတက္ကသိုလ်(ကလေး)ကြားရှိ ကလေး-ကလေးဝ ကားလမ်းပေါ်တွင် PDF အဖွဲ့မှ မိုင်းများထောင်ထားသည်ဟု ဒေသခံများ၏သတင်းပေးချက်အရ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရှင်းလင်းခဲ့ရာ ကျီကုန်းကျေးရွာအနီးရှိ နေရာသုံးနေရာ၌ မိုင်းတစ်လုံးစီတိုင်းကို အဝေးထိန်းစနစ်တပ်ဆင်ထားသည့် အဝေးမှ Remote Control ဖြင့် ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်ထားသော လက်လုပ် Remote မိုင်း ၇ လုံးအား ရှာဖွေတွေ့ရှိသဖြင့် ၎င်းမိုင်းများကို သက်မဲ့ပြုလုပ်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သော အမည်မဖော်လိုသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါရီမုမိုင်းများမှာ ကျီကုန်းကျေးရွာအနီးရှိ ကျောက်တောင် ကမ်းပါးယံအောက်ခြေနေရာ၌မြှုပ်၍ထောင်ထားသော မုန့်ပုံးဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံးအားလည်းကာင်း၊ ကျောက်တောင်ကမ်းပါးယံအတွင်း(အမြင့် ၅ ပေခန့်အကွာ)၌ မြှုပ်၍ထောင်ထားသော သံကိုယ်ထည်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံးနှင့် ကားလမ်းတစ်လျှောက်ရှိ လျှပ်စစ် ဓာတ်အားပေးတိုင် ၅ တိုင် အောက်ခြေများ၌မြှုပ်၍ ထောင်ထားသော သံကိုယ်ထည်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၅ လုံးကိုလည်းကောင်း နေရာအသီးသီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကဲ့သို့မိုင်းရှင်းလင်းဆောင်ရွက်စဉ် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မိုင်းထောင်ထားသည့်နေရာပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *