MT News

Written by Nay Aung

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စီးပွားရေးထိခိုက်မှုနှင့် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရင်ဆိုင်ရဖွယ်ရှိနေသော နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေကြောင်း BMI Country Risk & Industry Research ၏ ဖော်ပြချက်များအရ သိရသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်းအန္တရာယ်များ ဖြစ်လာနိုင်မှုနှင့်အတူ အာရှတိုက်တွင် လာမည့်၂ နှစ်အတွင်း ဆန်စပါးဈေးနှုန်းများပိုမိုမြင့်တက်လာဖွယ်ရှိနေသလို ရာသီဥတု ခြောက်သွေ့ခြင်းများကြောင့် အစားအစာစိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်ရဖွယ်ရှိနေကြောင်း ကမ္ဘာမိုးလေဝသဌာနက သတိပေးထားသည်။

BMI အဖွဲ့သည် စိုက်ပျိုးရေး၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ စားသုံးမှုနှင့် တင်ပို့မှုများအပေါ် ဖြစ်လာနိုင်သော သက်ရောက်မှုများကို အဓိကထားလေ့လာသုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အယ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ငွေကြေးဖောင်းပွမှုအများဆုံးဖြစ်လာနိုင်သော အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ထိပ်ဆုံးတွင်ရှိနေသည်။ အယ်နီညို ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးထိခိုက်မှုအများဆုံးရင်ဆိုင်ရဖွယ်ရှိနေသည့် BMI Southeast Asia El Niño Exposure အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၁၃ နိုင်ငံ ပါဝင်ခဲ့ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ နီပေါ၊လာအို၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့က ထိပ်ဆုံးနေရာတွင်ရှိနေကြောင်း သိရသည်။

အယ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အာဆီယံဒေသတွင်းနိုင်ငံများအနက် ငွေကြေးဖောင်းပွမှုအများဆုံးရင်ဆိုင်ရဖွယ်ရှိနေသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းက (၀ ဒသမ ၆၇ရာခိုင်နှုန်း) ရှိလာမည်ဖြစ်ကြောင်း BMI၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက (၀ ဒသမ ၆၁ ရာခိုင်နှုန်း)၊ နီပေါနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက (၀ ဒသမ ၆၀ ရာခိုင်နှုန်း)အထိ မြင့်တက်လာဖွယ်ရှိနေကြောင်း BMI ၏ အညွန်းကိန်းစစ်တမ်းတွင် ဖော်ပြထားသည်။

BMI က ” အယ်နီညိုကြောင့် ဈေးကွက်အများစုမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ကာလတိုငွေကြေး ဖောင်းပွမှု ဖိအားနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အယ်နီညို ကြောင့် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံတွေမှာမိုးရွာသွန်းမှုလျော့ကျတာ၊ ပုံမှန်မဟုတ်တဲ့အခြေနေတွေတွေ့ကြုံရဖွယ်ရှိနေတယ်။ ဒါ့အပြင် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံတွေမှာ မရှိမဖြစ်အစားအစာဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် ရေရရှိမှုလျော့နည်းလာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။

Ref-BMI

Leave a Reply

Your email address will not be published. Required fields are marked *

Related News