MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ ချော်တွင်းကုန်းမီးပွိုင့်အနီးမှာ ကားလမ်းကိုဖြတ်သွယ်ထားတဲ့ ဝါယာကြိုးတွေ ရှော့ခ်ဖြစ်ကာ မီးလောင်မှု ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူပရဟိတအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ ကားလမ်းအလယ်ကနေ တစ်ဖက် အစိုးရဌာနဝန်းဘက်ကို သွယ်တန်းထားတဲ့ ဝါယာကြိုးတွေ မီးလောင်မှုဖြစ်ပွားတဲ့အတွက် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းနဲ့ မရမ်းကုန်း EPC ကို တာဝန်သိပြည်သူတွေနဲ့ လူမှုကူညီရေးအသင်းတွေက အကြောင်းကြားတယ်လို့ သိရပါတယ်။
မရမ်းကုန်း မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဥ် (၁)စီးရောက်ရှိငြှိမ်းသတ်ပေးခဲ့တဲ့အတွက် ညနေ ၆ နာရီ ၅၃ မိနစ်အချိန် မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ ယာဥ်ကြောကြပ်ချိန်မို့ ခေတ္တခဏ ကားလမ်းပိတ်တာကလွဲရင် ကားနဲ့ လူတွေ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။



