◾အကြမ်းဖက်မှု အဆိုးဆုံးမှာ စစ်ကိုင်း၊ ချင်းနှင့် ကယားပြည်နယ်တို့ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးမှုဖြစ်ပွား
၁၄. ၇. ၂၀၂၃
Written by Nay Moe
ယခုနှစ် ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲမှု ၄၈၉ ကြိမ်ဖြစ်ပွားပြီး ပြည်သူ ၇၈၂ ဦး သေဆုံးခဲ့သည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယမန်နေ့ ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားစဥ် အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကာလ ၆ လ တိုးပြီး သည့်အချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ပြင်ဆင်ချမှတ်ဆောင်ရွက်ခဲ့ကာ ၎င်းတို့သည် နိုင်ငံ၏ အဓိကဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းများဖြစ်ကြောင်းနှင့် အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့မှအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောသည်။
အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှု စီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်ဟူသည့် အချက်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်သည် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီလွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့် အချက်ဖြစ်သဖြင့် ထိုသို့ဆောင်ရွက်နိုင်ရန် ပထမဆုံးအချက်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင်များစွာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အရေးပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့သည်။ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အဝ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဆိုသည့်အချက်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက်လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်သောကြောင့် မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေး အတွက် ယခုထက်ပိုမိုဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ချိန်အတွင်း၌လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုဇူလိုင်လအထိ NUG နှင့် PDF များက ကလေးငယ် ၂၀၂ ဦး၊ ဆရာ/ဆရာမ ၈၀၊ သံဃာ ၇၄ ပါး၊ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၈၂၅ ဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၆၀၉၁ ကို သတ်ဖြတ်ခဲ့ကြောင်း (၅၃)ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွင်း လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက တုံ့ပြန်သည့် ဇူလိုင် ၆ ရက် တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။