၁၄. ၇. ၂၀၂၃
Written by Tha Doe

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၄၃၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၈ သန်းကျော် ကျောင်းအပ်နှံခဲ့ကာ ယခင်ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများထက် တစ်သန်းကျော် ပိုမို၍ ကျောင်းအပ်နှံသည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်နှစ်ပြီးဆုံးသည့်အထိ အပြည့်အဝကျောင်းတက်နိုင်ရေးနှင့် အဆင့်လိုက် အတန်းကူးပြောင်းမှုရာခိုင်နှုန်း မြင့်မားရေးအတွက် သက်ဆိုင်ရာအလိုက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနသာမက အခြားဝန်ကြီးဌာနများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ကျောင်းများနှင့် ဆရာ၊ ဆရာမများ လုံခြုံမှုရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်သလိုကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်မြင့်မားရေးအတွက် စာသင်ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရန်နှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက် ဝန်ကြီးဌာနအလိုက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယင်းအချက်များအပြင် ယခု အခြေခံပညာကျောင်းများသည် KG+12 အထိရှိသဖြင့် ကျောင်းများအဆင့်မြှင့်တင်ရာတွင် သတ်မှတ်ထားသည့် မြေနေရာအကျယ်အဝန်းနှင့် ကျောင်းအင်္ဂါရပ်များပြည့်စုံ ကောင်းမွန်စေရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် ကျောင်းသုံး ပရိဘောဂများကိုလည်း တစ်နိုင်ငံလုံးအနေဖြင့် တစ်ပြေးညီဖြစ်စေရန် တစ်ဆင့်ချင်းအလိုက် ပြုပြင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *