၁၀. ၇. ၂၀၂၃
Written by Nyein Kyaw

မြွေဆိပ်ဖြေဆေးထုတ်ရန် မြွေပွေးနှင့် မြွေဟောက် တစ်ကောင်ကို ကျပ်တစ်သောင်းမှ တစ်သောင်းခွဲအထိပေးကာ အကောင်အရေ ၁၆၀၀ အထိ ဝယ်ယူမည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဇူလိုင်လ ၁၀ ရက်တွင် ကြေညာထားသည်။

ဆေးဝါးစက်ရုံ (အင်းစိန်)တွင် မြွေအဆိပ်ဖြေဆေးထုတ်လုပ်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖမ်းဆီးရမိသော မြွေပွေးအကောင်ရေ ၁၂၀၀ ကောင်နှင့် မြွေဟောက်အကောင်ရေ ၄၀၀ ကောင် ဝယ်ယူလိုကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။

ဝယ်ယူမည့်မြွေများသည် တစ်ကောင်လျှင် ငါးဆယ်ကျပ်သားနှင့်အထက် ရှိရမည်ဖြစ်ပြီး မြွေပွေးတစ်ကောင်ကို တစ်သောင်းကျပ်နှုန်းနှင့် မြွေဟောက်တစ်ကောင်ကို တစ်သောင်းခွဲကျပ်နှုန်းဖြင့် စက်ရုံသို့ အရောက်ပေးပို့ရမည် ဖြစ်သည်။

ရောင်းချလိုသည့် အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ဖုန်း/၀၁-၆၄၆၂၇၃၊ ၀၁-၆၄၆၂၈၃ သို့လည်း ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

ကျေးလက်နေပြည်သူများ မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုမရှိစေရေးအတွက် မြွေဆိပ်ဖြေဆေးများကို ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံစက် (Freeze Dryer) အထိုင်ချတပ်ဆင်ခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မြန်မြန်ဆန်ဆန် ပြီးစီးအောင်ဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇူလိုင်လ ၈ ရက်တွင် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ သွားရောက်စစ်ဆေးခဲ့စဥ်က မှာကြားထားသည်။

ထို့ပြင် ဆေးဝါး ကုန်ကြမ်းများနှင့် စက်အရန်ပစ္စည်းများကို ပြည့်စုံအောင် ဝယ်ယူဖြည့်တင်းထားရန်နှင့် ဈေးကွက်ကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်သုံးသပ်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *