၂၅. ၁၀. ၂၀၂၂

Written by Thettant

နှစ်စဥ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၂၆၇ သန်း ထုတ်ပေးမည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား ၁၈၀၀ ပေ၊ အမြင့် ၂၃၀ ပေရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၁၀၄၀၀၀ ဧကပေရှိသည်။

စက်တပ်ဆင်အင်အား ၁၇ မဂ္ဂါဝပ်ရှိ စက် ၃ လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၅၁ မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၂၆၇ သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၂ ဒသမ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ၇၆ ဒသမ ၅၇ ရာခိုင်နှုန်းခန့် ပြီးစီးမည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်သည်။

အဆိုပါ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *