MT News
၂၅. ၆. ၂၀၂၃

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲဆုရ နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများကို နစကအစိုးရအနေနှင့် ဂုဏ်ပြုဆုချီးမြှင့်အပြီးတွင် တပ်မတော်အနေဖြင့် ဂုဏ်ပြုဆု ထပ်မံချီးမြှင့်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း SAC အစိုးရက ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲဆုရ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ အုပ်ချုပ်သူနည်းပြများကို ကျပ်သိန်းပေါင်း ၅၀၀၀၀ ခန့် ဂုဏ်ပြုဆုချီးမြှင့်ခဲ့စဥ်ကလည်း တပ်မတော်သားအားကစားသမားများမှာ အရပ်သားအားကစားသမားများနည်းတူ ရွှေဆုအတွက် ကျပ်သိန်း ၃၀၀၊ ငွေဆုအတွက် ကျပ်သိန်း ၂၀၀ နှင့် ကြေးဆုအတွက် ကျပ်သိန်း ၁၀၀ အထိ ချီးမြှင့်ခဲ့ပြီး လက်ရှိချီးမြှင့်မှူမှာ တပ်မတော်က ထပ်မံဂုဏ်ပြုချီးမြှင့်မှုဖြစ်သည်ဟု သိရကာ ရရှိသည့်ဆုအလိုက် အနည်းဆုံး ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၉၀ အထိ ချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။

“နစက အနေနဲ့ ဆုပေးတုန်းကလည်း ရွှေဆု ကျပ်သိန်း ၃၀၀၊ ငွေဆု ကျပ်သိန်း ၂၀၀၊ ကြေးဆု ကျပ်သိန်း ၁၀၀ တန်းတူ ဆုချီးမြှင့်ထားပြီး အခုက တပ်မတော် အနေနဲ့ထပ်မံဆုချီးမြှင့်တာပါ” ဟု ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲဆုရ အုပ်ချုပ်သူအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပိုက်ကျော်ခြင်း(အသင်းလိုက်)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် အောင်ဇော် ၊ ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယ အရာခံဗိုလ် အောင်ကျော်မိုးနှင့် တပ်ကြပ် ကျော်ဇေယျာဝင်း၊ (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (မီတာ ၈၀၀)(တစ်ဦးချင်း)ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(မီတာ ၁၅၀၀)(တစ်ဦးချင်း) ပြိုင်ပွဲတို့၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၄၀၀) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (မီတာ ၄၀၀ လက်ဆင့်ကမ်း) (အသင်းလိုက်) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ် မောင်လင်း၊ အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် အရပ်သားအစားခန့် ဝန်ထမ်း မမေဇင်နွယ်၊ မအေးအေးမိုး၊ မရူပါခိုင်နှင့် မခင်သန်းဝေ၊ (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (လှံတံပစ်)(တစ်ဦးချင်း) ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (သံပြားပစ်) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် တင်ညို၊ ပြေးခုန် ပစ်(မီတာ ၁၀၀)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၂၀၀)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၁၀၀)(အသင်းလိုက်) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု နှင့် ပြေးခုန်ပစ်(မီတာ ၄၀၀)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ်ကြီး စိုးပေ၊ ပြေးခုန်ပစ်(သံပြားပစ်)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ် အောင်ထွန်းလင်းနှင့် ပြေးခုန်ပစ်(သံပြားပစ်)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး၊ (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း(အသင်းလိုက်)ပြိုင်ပွဲများ၌ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် သန့်ဇင်ဦး၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ဇော်မင်းလွင်၊ (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ကာယဗလ(၅၅ ကီလိုတန်း)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် ပြည့်ဖြိုး၊ (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရေကူး (မီတာ ၁၀၀ အလွတ်ကူး)(တစ်ဦးချင်း) ပြိုင်ပွဲနှင့် (မီတာ ၄၀၀ အလွတ်ကူး)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု(၂) ဆု ရရှိခဲ့သည့် ဒုတိယတပ်ကြပ်စိုးဝင်း တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်ဟု သိရသည်။

#sac #SEAGames2023 #parasport #မသန်စွမ်း
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *