April 29, 2024

၂၅. ၆. ၂၀၂၃
Written by Phyo Wei

ဆန်စျေးတွေ မြင့်နေခြင်းရဲ့ အဓိကအကြောင်းရင်းမှာ သွင်းအားစုတွေ စျေးအဆမတန်တက်သွားတာလည်း အပါအဝင်ပါ။ ဒါကြောင့် စိုက်ပျိုးမြေတွေ မစိုက်ကြတာလည်းရှိနေသလို တချို့ကလည်း ပိုစျေးကောင်းလာတဲ့ မြေခွဲရောင်းဖို့ပဲ ဦးတည်လာတာပါ။ လက်ရှိမှာတော့ လာမဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ အဓိကစိုက်ပျိုးသီးနှံဧက ၃၄ သန်းနီးပါးအတွက် သွင်းအားစု စုစုပေါင်းတန်ချိန် ၄၉၂,၀၀၀ ကျော်လိုအပ်မှာဖြစ်လို့ စံချိန်စံညွှန်းပြည့်ဝတဲ့ ဓာတ်မြေဩဇာနဲ့ သွင်းအားစုတွေ ဈေးနှုန်းသက်‌သာစွာ အချိန်မီဝယ်ယူနိုင်ဖို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဆောင်ရွက်ပေးနေတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အမေရိကန်က နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်ကို ပိတ်ဆို့လိုက်တဲ့အကြောင်း၊ ဂယက်ထလာတဲ့ ရွှေစျေး ဒေါ်လာစျေးအကြောင်းနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ပိုဆိုးလာတဲ့ ရန်ကုန်မြို့ပြနွမ်းပါးမှုတွေအကြောင်းကို တင်ပြချင်ပါတယ်။

အမေရိကန်ရဲ့ ဘဏ် ပိတ်ဆို့မှု

အမေရိကန်က ပိတ်ဆို့လေ ပြည်သူတွေ ကျပ်တည်းလေဆိုတာ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က ဒေါ်အောင်ဆန်းစုကြည် ပိတ်ဆို့ခိုင်းစဉ်ကတည်းက ကြုံခဲ့တာပါ။ ဒါကြောင့် ဒီပိတ်ဆို့မှုတွေဟာ မှားယွင်းတဲ့ လုပ်ရပ်ပါလို့ ဝေဖန်ကြပေမဲ့လည်း ပိတ်ဆို့ဖို့ကလွဲရင် ဘာမှလုပ်တတ်ပုံမရတဲ့ အမေရိကန်ကတော့ နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) နှစ်ခုကို ဇွန် ၂၁ ရက်မှာ ပိတ်ဆို့လိုက်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ ကာလ အမေရိကန်က ပိတ်ဆို့ခဲ့တဲ့သူတွေဟာ အခုဆိုရင် ဧရာမသူဌေးကြီးတွေဘ၀၊ ပြည်ပမှာ မြှုပ်နှံနေကြပေမဲ့ ဖွတ်ကျောပြာစုသွားတဲ့ မြန်မာနိုင်ငံကတော့ ပိုပြီးစုတ်ချာမွဲတေသွားပေမဲ့လည်း လက်ရှိမှာလည်း ဒီလမ်းစဉ်ပဲ လိုက်လာတဲ့ အမေရိကန်ကြောင့် သူပိတ်ဆို့သူတွေ ပိုချမ်းသာဖို့နဲ့ အချိန်တစ်ခုမှာ အမေရိကန်ကို တာ့တာပြ ပြည်ပမှာ အခြေချဖို့ ပြင်နေသူတွေက အပြုံးမပျက်ပေမဲ့ လက်ရှိပိတ်ဆို့မှုက နိုင်ငံနဲ့ ပြည်သူပဲ ခံရဦးမယ်ဆိုတာ ကြိုတွေးနေသူတွေကတော့ ရင်လေးနေရပြီပဲ ဖြစ်ပါတယ်။

“ဒီဘဏ်တွေက အမေရိကန်အခြေစိုက်ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် နံပါတ် တစ်အချက် နိုင်ငံခြားငွေဆုံးရှုံးမှုမရှိနိုင်ဘူး။ နိုင်ငံခြားငွေနဲ့ ကုန်သွယ်ငွေပေးချေမှုတွေကို ကျွန်တော်တို့ စနစ်တကျဝန်ဆောင်မှု ဆက်လက်ဆောင်ရွက် ပေးသွားမယ်။ နံပါတ် နှစ် အချက်အနေနဲ့ မိဘပြည်သူတွေကို သတိပေးလိုတာက အဲဒီထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်တဲ့မိဘပြည်သူတွေ မစိုးရိမ်ကြဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားငွေဝန်ဆောင်မှုလုပ်ငန်းတွေကို ဘဏ်နှစ်ဘဏ်တည်းက ဆောင်ရွက်နေတာမဟုတ်ဘဲ ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားဘဏ်တွေရဲ့ဘဏ်ခွဲတွေ နိုင်ငံခြားငွေသုံးငွေကြီးကြပ်မှုကော်မတီတို့၊ ဗဟိုဘဏ်တို့ကနေ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းတာ၊ ပေးပို့တာ လက်ခံတဲ့ကိစ္စတွေ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ အလုပ်သမား၊ သင်္ဘောသား၊ လုပ်ခလစာတွေ လွှဲပို့ခြင်းကိစ္စရပ်များကို အဆင်ပြေအောင်ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ ပူပန်စရာမလိုဘူးလို့ဘဲ ပြောလိုပါတယ်”လို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဘဏ်နှစ်ခုကို ပိတ်ဆို့လိုက်တာက အစိုးရနဲ့ လုပ်ငန်းရှင်တွေအတွက်တော့ နည်းနည်းပါးပါးအလုပ်ပိုပြီး နိုင်ငံတကာ ငွေပေးချေမှုအချို့မှာ အရင်ထက်ပိုအကုန်အကျများသွားနိုင်တာကလွဲရင် ဘာမှ ထူးထူးခြားခြားထိခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီလို ပိုကုန်ကျတဲ့ ကုန်ကျစရိတ်ဟာ End User ဖြစ်တဲ့ ပြည်သူ့အပေါ်ပဲ ဖိစီးဦးမှာဖြစ်လို့ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ် ဆက်ပြီး ရင်စည်းခံရတော့မဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။

ဂယက်ထလာတဲ့ ရွှေစျေး ဒေါ်လာစျေး

အမေရိကန်က ဘဏ်နှစ်ဘဏ်ပိတ်ဆို့လိုက်ပြီဆိုတဲ့ သတင်းကြားတာနဲ့ စျေးကစားဖို့ ချောင်းနေတဲ့သူတွေက ကမ္ဘာ့ဒေါ်လာစျေးကျနေချိန်မှာကို ရွှေစျေးနဲ့ ဒေါ်လာစျေးကို ရုတ်ချည်းဆွဲတင်လိုက်တာ အခုဆို ရွှေစျေးက ၃၂ သိန်းပတ်လည်၊ ဒေါ်လာစျေးကလည်း ၂၉၆၀ ပတ်လည်မှာ လပေါင်းများစွာ ငြိမ်သက်နေရာက ပြင်ပစျေး တစ်ဒေါ်လာ ၃၀၅၀ နဲ့ ၃၁၀၀ ကြား ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း အစိုးရက ဒေါ်လာ တရားမဝင် စျေးကစားသူ ၅၁ ဦးနဲ့ ကုမ္ပဏီသုံးခုကို အရေးယူပြလိုက်ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၃ သန်းကျော်ကို တစ်ဒေါ်လာ ၂၉၂၂ ကျပ်နဲ့ ထုတ်ရောင်းပြီး တည်ငြိမ်ရေးထိန်းကျောင်းပေးတာ တွေ့ရပါတယ်။

ဒီလို လုပ်ဆောင် အရေးယူလိုက်လို့လည်း ကုန်စျေးနှုန်းတွေ အဆမတန်တက်လာဖို့ စျေးကစားသူ၊ ဆွဲတင်သူအချို့ဟာ အရင်တုန်းကလို့ တိုင်းပြည်စီးပွားကမောက်ကမဖြစ်သွားနိုင်တဲ့ တစ်ဒေါ်လာ ၄၀၀၀၊ ၅၀၀၀ နား ဆွဲတင်ဖို့၊ ရွှေတစ်ကျပ်သား သိန်း ၄၀ လောက်ဖြစ်ဖို့အထိ မလုပ်နိုင်တော့ဘဲ အဖမ်းမခံရနိုင်တဲ့စျေးမှာ ပုံစံပြောင်းပြီးလုပ်ပါတယ်။ ဥပမာ ရွှေတစ်ကျပ်သားကို ၂၉ သိန်းထက် ပိုရောင်းရင် ပြသနာတက်နိုင်တဲ့ စစ်ဆေးခံရတဲ့အခြေအနေမျိုးမှာ ဖြတ်ခတို့၊ လက်ခတို့ အလျော့တွက်တို့ကို ၃၊ ၄ သိန်း ပိုယူလိုက်တာမျိုး၊ ဒေါ်လာကို ဟန်ပြလောက်ပဲ ရောင်းပေးပြီး သတ်မှတ်ချက်အမျိုးမျိုးနဲ့ သိမ်းထားတာမျိုး လုပ်တဲ့ပုံစံကို စျေးကွက်မှာ တွေ့ရပါတယ်။

တစ်ခုကံကောင်းတာကတော့ စျေးကစားသူတွေဟာ အစိုးရက ဖမ်းထိန်းလိုက်ရင် ပြန်စျေးကျမှာပဲလို့ ပြည်သူတွေ မြင်ကုန်တာပါ။ ဒါကြောင့်မို့လို့ အရင်ကလို စျေးတက်ချိန် အတင်းဝယ်တာမျိုး သိပ်မမြင်ရတော့တာလည်း သတိထားမိပါတယ်။ အရင်တုန်းက စျေးကစားသူတွေ မဖမ်းခင်ကဆို ရွှေစျေးဟာ တစ်မိနစ်ကို ၂၀၀၀၀၊ ၃၀၀၀၀ ခုန်တက်ပြီး နာရီပိုင်းအလိုက် စျေးခုန်တက်ခဲ့တာမျိုးအထိ ဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ အဲဒီလောက် အခြေအနေမဆိုးတာ တွေ့ရပေမဲ့လည်း စျေးဆွဲတင်ချင်သူတွေကတော့ အခွင့်အရေးရရင်ရသလို ဆွဲတင်မှာမို့ တာဝန်ရှိသူတို့က ပိုကျပ်မတ်ဖို့လိုပါမယ်။

နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ပိုဆိုးလာတဲ့ ရန်ကုန်မြို့ပြနွမ်းပါးမှု

COVID-19 ကပ်ရောဂါဖြစ်ပွားမှုနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက ဖြစ်ပွားခဲ့တဲ့ အာဏာအငြင်းပွားမှုကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးအခက်အခဲ ဖြစ်မှုဟာ ရန်ကုန်မြို့ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုအပေါ် ဆိုးရွားစွာ သက်ရောက်ခဲ့သလို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတစ်ခုဖြစ်တဲ့ UNDP ဌာနေကိုယ်စားလှယ်တီတွန် မစ်ထရာက “နိုင်ငံအနှံ့ မငြိမ်သက်မှု‌တွေ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပဋိပက္ခ‌တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုတွေ များပြားလာတဲ့အခါ ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့ကိစ္စရပ်‌တွေကို သတိမထားမိ၊ ဂရုမပြုမိကြတာတွေ ဖြစ်နိုင်ပါတယ်။ မြို့ပြနေဆင်းရဲနွမ်းပါးသူများရဲ့ဘဝဟာ အရင်ကတည်းက ခက်ခဲရုန်းကန်နေရပေမယ့် အခုဆိုရင် ပိုပြီးခက်ခဲလာကြပါတယ်။ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲလာကြပြီး အရေအတွက်ကလည်း သိသိသာသာ တိုးလာလို့နေပါတယ်။ ကျွန်တော်တို့ဟာ မြို့ပြဆင်းရဲနွမ်းပါးမှုနဲ့ ထိခိုက်လွယ်တဲ့ မြို့ပြနေထိုင်‌သူတွေကို အာရုံစိုက်ကူညီခြင်း မပြုဘူးဆိုရင် နောက်လာမယ့်မျိုးဆက်အလိုက် ဆင်းရဲမွဲတေမှုတွေဟာ အလျင်အမြန်နဲ့ နက်ရှိုင်းစွာ ဖြစ်ပေါ်လာဖို့ တွန်းပို့ပေးသလိုဖြစ်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်ရဲ့ လူဦးရေလေးပုံတစ်ပုံကို ကိုယ်စားပြုတဲ့ အဆင်းရဲဆုံးမြို့နယ် (၈) မြို့နယ်မှာ နေထိုင်သူတွေဟာ အခြား မြို့နယ်တွေမှာ နေထိုင်သူတွေထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း လျော့နည်းတဲ့အပြင် အဆင်းရဲဆုံးမြို့နယ်(၈) မြို့နယ်က မြို့ပြပြည်သူအချို့ဟာ လွန်ခဲ့တဲ့ (၁၂)လအတွင်း ဝင်ငွေမရှိဘဲ ရပ်တည်နေရတယ်လို့ UN Habitat ၊ UN Women၊ UNDP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်လို တည်ငြိမ်ပါတယ် ပြောနိုင်တဲ့ နေရာမျိုးမှာတောင် လူဦးရေ ၂ သန်းလောက်ဟာ ဝင်ငွေမရှိ စားစရာမရှိဖြစ်လာနေတယ်ဆိုတာကို ကြည့်ရင် တစ်နိုင်ငံလုံးက နေရာဒေသအနှံ့မှာ သ-တ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ လုယက်မှုတွေ၊ သီးနှံမစိုက်ပျိုးနိုင်မှုတွေအပြင် စစ်ရှောင်နေကြရင်း အိမ်ပျက်၊ ရွာပျက်၊ ဘ၀ပျက်နေကြတဲ့ တခြားသော ဒေသတွေက မြန်မာ့ပြည်သူတွေ ၁၅ သန်းလောက်ဟာ ပိုဒုက္ခကြုံမယ်ဆိုတာ မလွဲမသွေပါဘဲ။

လက်ရှိအခြေအနေမှာ NUG ကို ထောက်ပံ့နေတဲ့ အမေရိကန်ထောက်လှမ်းရေးကိုယ်တိုင်ကိုက ဘယ်ဘက်ကမှ မနိုင်နိုင်ဘူးလို့လည်း ပြောထားတာကြောင့် အကြမ်းဖက်သတ်ဖြတ်မှုတွေကို လက်ခံပြီး ပျော်နေတဲ့သူတွေကိုယ်တိုင် အခုလိုမျိုး ၁၀ နှစ် ၁၅ နှစ်လောက် ဘ၀ပျက်ခံရင်း ပြေးနေမလား။ လက်တွေ့ကျကျ အမြန်ဆုံးရွေးကောက်ပွဲဖြစ်ဖို့ အကြမ်းဖက်တာတွေ လက်မခံတော့ဘဲ ရွေးကောက်ပွဲဖြစ်မြောက်ပြီး နှစ်နှစ်၊ သုံးနှစ်လောက်နဲ့ အမြန်ဆုံး အရပ်သားအစိုးရတက်လာ NUG၊ PDF ကို အမေရိကန်ကစ မထောက်ပံ့တော့တာကြောင့် ချိနဲ့ ငြိမ်ကျရင်း တစ်စတစ်စ အေးချမ်းတိုးတက်မှုကို ရှာကြမလားဆိုတာကတော့ ပြည်သူလူထုရွေးချယ်မှုဘ၀ပဲ ရကြမှာပါလို့ သုံးသပ်ပြမိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News