၂၅.၆.၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ဇွန်လ ၂၄ ရက် ညနေပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မြို့ထဲက အနိမ့်ပိုင်းရပ်ကွက်တွေထဲကို ရေတွေဝင်နေပြီလို့  မြို့ခံပရဟိတ အဖွဲ့တွေဆီကနေ သိရပါတယ် ။

ပြင်ဦးလွင်မြို့ကို ပတ်ကာစီးဆင်းနေတဲ့ အဓိက ရေစီးဝင်ရာ ချောင်းတစ်ခုဖြစ်တဲ့ ဂဲလောင်းချောင်းရေလျှံတာကြောင့် ရပ်ကွက်ကြီး ၅ ၊ ရပ်ကွက်ကြီး ၆ ဘက်က မြေနိမ့်ဘက်အပိုင်းမှာရှိနေတဲ့ အိမ်တွေထဲကို ဇွန်လ ၂၄ ရက်ည ၁၂ နာရီလောက်ကစပြီး လူကြီးတစ်ယောက်ရဲ့ ပေါင်လည်လောက်အထိ ရေတွေလျှံလာတာလို့ မြို့ခံ သန္တိသုခ ပရဟိတအသင်းက ကူညီလုပ်ဆောင်ပေးရာမှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။

“အဓိက,ကတော့ ဂဲလောင်းချောင်းရဲ့ အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေမှာဖြစ်တာ။ ယူဂိုဆလပ်၊ ညံတော ၊ ပြည်တော်သာ ၊ ညံကွဲထဲက လူနေအိမ်တွေထဲထိ ရေက လျှံနေတယ်။ ကန်တော်လေးဘက်က ရေတားဖွင့်လိုက်ရတော့ မနှစ်ကလောက် မဆိုးပေမယ့် မိုးဆက်တိုက်ရွာနေရင်တော့ ရွှေ့တာ ပြောင်းတာအထိ လုပ်ရနိုင်တယ်”လို့ သန္တိသုခပရဟိတ အဖွဲ့က မျက်မြင်အခြေအနေကို ပြောပါတယ်။

ဂဲလောင်းချောင်းရေ ဘာလို့ လျှံ

မနှစ်က ဇူလိုင်လထဲမှာ မိုးရက်ဆက် ရွာသွန်းတာကြောင့် ပြင်ဦးလွင်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဟာ ပုံမှန် မကြုံဘူးတဲ့ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။ ညံကွဲရပ်ကွက်က ဝိုင်စိမ်တဲ့ စဥ့်အိုးကြီးတွေပါ လမ်းမပေါ် မျောလာတဲ့ထိ ကြုံခဲ့ရတာပါ။ ဂဲလောင်းချောင်းပတ်ပြီးစီးဆင်းသွားတဲ့ အနီးက အိမ်ခြေတွေဆို နီးစပ်ရာ အမျိုးအဆွေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ဗလီတွေဆီ ရက်ပိုင်းလောက် ခိုရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းခံကို မြို့ခံရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမျိုးညွန့်က”ပြင်ဦးလွင်မှာ ရေကြီးရေလျှံရတဲ့ ပြဿနာတွေထဲက ပထမဆုံးတစ်ခုက ဂဲလောင်းချောင်။ အဲ့ဒီ ပထမဆုံးပြဿနာကိုပဲ မနှစ်က မြို့မိမြို့ဖတွေနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး မြောင်းနှုတ်ခမ်းတွေ မြှင့်တာ။ မြောင်းတစ်လျှောက် သန့်ရှင်းရေးလုပ်။ မြောင်းအနားကပ်ဆောက်ထားတာတွေ ရှင်းလင်းရေးတွေ လုပ်ခဲ့ပြီးပြီ။ ဂဲလောင်းချောင်းပြဿနာက ရှင်းသွားပြီ။ ဒုတိယတစ်ချက်ဖြစ်တဲ့ လူနေအိမ်တွေ တိုးလာတာနဲ့ ရေနုတ်မြောင်းတွေ တချို့နေရာတွေမှာ မရှိတာက ပြဿနာပါ။ တိုးလာတဲ့ အိမ်ခြေတွေက ဂဲလောင်းချောင်းကိုပါ မြေဖို့ပြီး နေရာချဲ့ ကြတယ်”လို့  MT News ကို ပြောပါတယ်

စနစ်မကျတဲ့ မြို့သစ်အကွက်တွေ ဖော်တာက ပြဿနာ

ပြင်ဦးလွင်မြို့ဟာ အေးချမ်းပြီး စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားမှု ဖြစ်ထွန်းတာ၊ စိမ်းလန်းလှပပြီး နေချင့်စဖွယ် မြို့တစ်ခုဖြစ်တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်ကစပြီး မြေကွက်ပွဲစားတွေ ခြေချင်းလိမ်လာတာကို ခံစားလာရပါတယ်။ သစ်တောမြေ၊ စိုက်ပျိုးမြေဧရိယာတွေပါမချန် အကွက်ရိုက်ရောင်းချလာကြပါတယ်။ ရွာခံတွေကလည်း မိမိတို့မြေကို ခွဲခြမ်းစိပ်ဖြာ ရောင်းချကြတဲ့အခါ ပြင်ဦးလွင်မြို့မှာ လူမနေတဲ့ အိမ်ခြေတွေလည်း အတော်တိုးလာပါတယ်။

ရပ်ကွက်ကြီး ၁၂၊ ရေချမ်းအိုးတောင်ဘက်မှာနေထိုင်သူတစ်ဦးက”တတ်နိုင်တဲ့ ရှမ်းတရုတ်တွေ၊ မြေပြန့်က သူဌေးတွေ အပန်းဖြေဖို့ ဒီဘက်မှာ လာဝယ်။ အိမ်ဆောက်ကြတယ်။ တစ်နှစ်ပတ်လုံးမှ ၂ ခေါက်လောက်လည်တာ။ လာရင်လည်း တစ်ပတ် ဆယ်ရက်လောက် လည်ပတ်ပြီးရင် ပြန်ကြတာပဲ။ တစ်နှစ်ပတ်လုံး အိမ်က ပိတ်ထားတာ။  လာခါနီးမှ ခြံထဲ မြက်ရှင်းချင်တာတွေဘာတွေ အန်တီတို့ကို လှမ်းပြောရင် လူခေါ်ပေးပြီး လုပ်ခိုင်းပေးရတယ်။ ကိုယ့်ခြံက စိပ်ရောင်းထားတာကို ဝယ်တဲ့သူတွေဆိုတော့လည်း ကြည့်ပေး စောင့်ရှောက်ပေးရတယ်”လို့ ပြောပြတယ်။

ရွာထဲမှာ အိမ်ခြေတွေ စိပ်လာသလို အသစ်တိုးတဲ့ အိမ်တိုင်းလိုလိုက ကွန်ကရစ်အခင်းတွေ ခင်းကြတာကြောင့် မခင်းနိုင်တဲ့ အနိမ့်ပိုင်းက ရွာခံအိမ်ခြေတချို့လည်း ရေတိုက်စားစီးဆင်းတဲ့ ဒဏ် ခံနေရပါတယ်။

ကိုလိုနီခေတ်လက်ကျန် စနစ်ကျတဲ့ တောင်ပေါ်မြို့

ပြင်ဦးလွင်မြို့မှာ အင်္ဂလိပ်ခေတ်လို့မြို့ခံတွေ အလွယ်ခေါ်တဲ့ ကိုလိုနီခေတ်ကတည်းက ရေနုတ်မြောင်းတွေရှိပါတယ်။ ရပ်ကွက်တိုင်းမှာ ရှိပေမယ့် လက်ရှိသိသိသာသာထင်ထင်ရှားရှားမြင်နိုင်တာက ချယ်ရီလမ်းပေါ်မှာပါ။ ၂၀၀၅ ခုနှစ် နောက်ပိုင်းလောက်ကစပြီး အပူရှောင်ဖို့ တောင်ပေါ် တက်သူတွေ အတော်များလာတာကြောင့် ရပ်ကွက်ထဲ ရှိရင်းစွဲ အိမ်တွေရောင်းရေးဝယ်တာ မရှိသလောက်ဖြစ်လာပြီး အကွက်သစ် ထပ်ချဲ့တာ အိမ်ခြံမြေစိတ်ပိုင်းရောင်းချတာတွေကြောင့် လူနေထူထပ်မှုပိုပြီး စိပ်လာပါတယ်။ အဲဒီမှာ ရေနုတ်မြောင်းတွေ အိမ်အောက် ရောက်သွားတာ တချို့နေရာတွေ တိမ်ပြီး ပိတ်လာတာမျိုး ဖြစ်သွားပါတယ်။

“ကျွန်တော့်အသက် အခု ၆၀ကျော် ၇၀ ထဲ ပေါ့။ ကျွန်တော်တို့ ငယ်ငယ်ကဆို ရေနုတ်မြောင်းကြီးတွေက ပေါင်လည်လောက်နက်ပြီး လေးငါးပေလောက် ကျယ်တယ်။ မိုးများရင် အဲဒီရေနုတ်မြောင်းကနေ တစ်မြို့လုံးက ရေတွေကို သိမ်းပြီး ရေမြောင်းကွန်ယက်ကြီးထဲ စီးသွားတာ။ အဲ့ဒီကနေမှ ဂဲလောင်းချောင်းထဲ ရောက်တာ။အဲဒီတုန်းက ဂဲလောင်းချောင်းကလည်း အတော်ကျယ်တာ။ ဆိုလိုချင်တာက ဟိုတုန်းက မြို့ပြဖွံ့ဖြိုးရေးလုပ်တာ စနစ်ကျတဲ့ ရေစီးဆင်းမှု ပြင်ဦးလွင်မှာရှိခဲ့တယ်။နောက်လူတွေကြောင့် ပျက်တာ”လို့ ဆိုပါတယ်။

အခုလက်ရှိ ဇွန်လ ၂၅ ရက်နေ့အထိတော့ ပြင်ဦးလွင်မိုးက အရှင်းတိတ်သွားတာမျိုးမရှိသေးဘဲ သည်းကြီးမဲကြီး ရွာချလိုက်၊ အားလျော့သွားလိုက် အခြေအနေမို့ မြို့ခံရပ်မိ ရပ်ဖတွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ရေဝင်နေတဲ့ ရပ်ကွက်တွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို ရေလွတ်ရာရှောင်ခိုင်းတာမျိုး လှည့်ပတ်ကြည့်ရှု့ ကူညီတာမျိုးတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

သေချာတာကတော့ ပြင်ဦးလွင်မှာ အိမ်ခြေတွေတိုးလာ။ စနစ်တကျကြပ်မတ်တာမျိုးမရှိဘဲ မြေကွက် အကွက်ရိုက်ရောင်းတာတွေ မထိန်းချုပ်နိုင်သရွေ့တော့ တောင်ပေါ်မြို့လေးတစ်မြို့ဟာ မိုးရွာတိုင်း ရေလျှံနေတော့မှာပါပဲ။

ဓာတ်ပုံ -သန္တိသုခ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *