
၂၀. ၆. ၂၀၂၃
Written by Nyein Kyaw
မန္တလေး-လားရှိုးလမ်းမကြီးတွင် ခရီးသည်တင်ယာဥ်နှင့် ခြောက်ဘီးကုန်ကား မိုးရွာနေစဥ် စလစ်ဖြစ်ကာ မျက်နှာချင်းဆိုင်တိုက်မိ၍ ယာဥ်မောင်းနှင့် ယာဥ်အကူများ ကားနှစ်စီးထဲညပ်ကာ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦးသေခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၁၉ ရက် ညနေ ၆ နာရီတွင် မန္တလေး-လားရှိုးလမ်းမကြီး၊ စဥ့်အင်ကျေးရွာအနီး၌ လာရှိုးဘက်မှဆင်းလာသည့် ခရီးသည်တင်ကားနှင့် လားရှိုးဘက်သို့ တက်လာသည့် ခြောက်ဘီးကုန်တင်ယာဥ်နှစ်စီး မိုးရွာနေစဥ် စလစ်ဖြစ်ကာ မျက်နှာချင်းဆိုင်တိုက်မိ၍ အဆိုပါကားနှစ်စီးလုံးမှ ယာဥ်မောင်းနှင့် ယာဥ်အကူများ ကားနှစ်စီးအတွင်း၌ ညပ်ကာ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်ကြောင့် ခြောက်ဘီးကုန်ကားမှ ယာဥ်အကူသေဆုံးခဲ့ပြီး ကျန်ရှိယာဥ်မောင်းနှစ်ဦးနှင့် ယာဥ်အကူတစ်ဦးမှာ ခြေထောက်ကျိုးပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် လာရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း နောင်မွန်လူငယ်ပရဟိတအသင်းမှ သိရသည်။
“မိုးရွာတော့ စလစ်ဖြစ်ပြီး တိုက်တာဖြစ်မယ်။ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ မျက်နှာချင်းဆိုင် တိုက်ထားတာ။ ခရီးသည်ယာဥ်က လားရှိုးကအဆင်းနဲ့ ကုန်ကားကတော့ လားရှိုးကိုအတက်ပေါ့။ ခရီးသည်ဘက်က ယာဥ်အကူကားထဲညပ်တယ်။ ကုန်ကားဘက်ကတော့ နှစ်ဦးလုံးညပ်တာပေါ့။ ကုန်ကားဘက်က ယာဥ်အကူသေဆုံးသွားတာ။ ကျန်တဲ့ ယာဥ်မောင်းနဲ့ ခရီးသည်ယာဥ်ဘက်က ယာဥ်မောင်း၊ ယာဥ်အကူတွေကတော့ ခြေထောက်ကျိုးပဲ့ဒဏ်ရာတွေတော့ရတယ်။ ဒဏ်ရာရရှိခဲ့တဲ့ သုံးယောက်ကတော့ ဆေးရုံမှာ အခြေအနေကောင်းပါတယ်။ ခရီးသည်ကားမှာပါလာတဲ့ ခရီးသည်ကတော့ ကျွန်တော်တို့မသိပါဘူး” ဟု နောင်မွန်လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

