April 29, 2024

၁၈. ၆. ၂၀၂၃
Written by Phyo Wei

ပြည်တွင်းရွှေဈေးဟာ ကျပ် ၃,၁၃၂,၀၀၀ အထိ မြင့်တက်လာတာကြောင့် ကျပ် ၃,၀၅၀,၀၀၀ နဲ့ ရောင်းချပေးမယ်လို့ ကြေညာရမှုတွေ ရှိခဲ့သလို ရွှေလုပ်ငန်းရှင်တွေကိုလည်း ခေါ်ယူစစ်ဆေးတွေ့ဆုံမှုတွေ ရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ရုရှားနိုင်ငံကလည်း မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍအတွက် ဓာတ်အား ၃၇၂ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မဲ့ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစီမံကိန်းတွေ လုပ်ဆောင်နေတယ်လို့ ဖွင့်ပြောလာပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် ဒေါ်လာ အခက်အခဲဖြစ်ရတဲ့ မြန်မာနိုင်ငံအနေနဲ့ တခြားသော ကမ္ဘာ့နိုင်ငံတွေနည်းတူ အမေရိကန်ဒေါ်လာကို ကြားခံထက် တိုက်ရိုက်ငွေလဲလှယ်မှုအဖြစ် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှတို့နဲ့ ငွေပေးချေမှုလုပ်ငန်းစဉ်တွေ ပိုမိုချောမွေ့လာတဲ့အခြေအနေမှာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS Development Bank အဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ စဉ်းစားနေတယ်လို့ မြန်မာ့ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြားခဲ့တာကြောင့် သိပ်မကြာခင်ကာလမှာ ဒေါ်လာချုပ်ကိုင်ပြီး စျေးကစားမှုတွေ ပိုမိုထိန်းကျောင်းနိုင်မဲ့ အလားအလာတွေလည်း တွေ့မြင်လာရပြီး Dedollarization နိုင်ငံအသွင်ပီပြင်တော့မလားလို့ ထင်မြင်ရတဲ့ အခြေအနေဖြစ်လာတာ တွေ့ရပါတယ်။

တစ်ဖက်မှာလည်း NUG ရဲ့ ပကဖတွေက သူတို့လက်နက်နဲ့ထိန်းချုပ်တဲ့ နေရာဒေသတချို့က ပြည်သူတွေကို အခွန်ကောက်မယ်လို့ စာထုတ်လာပြီး အခွန်ရှောင်ရင် အရေးယူမယ်လို့ပါ ခြိမ်းခြောက်လာတာကြောင့် ဒီအရေးယူမှုဟာ ကျည်ဆံရောက်လာဖို့ သေချာသလောက်အခြေအနေမျိုးမှာ ပြည်သူတွေဟာ နီးရာဓားကို ကြောက်နေရတဲ့ ဒုက္ခတွေ အပြည့်အသိပ်ရင်ဆိုင်နေရတဲ့ဖြစ်စဉ်တွေလည်း တွေ့မြင်ရတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တရားမဝင်ငွေကြေးစီးဆင်းမှုအများဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံပါဝင်တဲ့အကြောင်း၊ ရခိုင်ရဲ့ မတည်ငြိမ်မှုတွေက ကုလားတန်စီမံကိန်းကို မထိခိုက်နိုင်ပါဘူးဆိုတဲ့အခြေအနေတွေအကြောင်းနဲ့ ဝိသမလောဘသားတွေရဲ့ ငွေကြေးစျေးကစားမှုနဲ့ နိုင်ငံရေးအမြတ်ထုတ်မှုကြားမှာ မြင့်မားလာတဲ့ ကုန်စျေးနှုန်းတွေအကြောင်းကို တင်ပြချင်ပါတယ်။

တရားမဝင်ငွေကြေးစီးဆင်းမှုအများဆုံး မြန်မာ

ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘိန်းစိုက်တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ Happy Water လိုမျိုး မူးယစ်ဆေးပုံစံသစ်တွေပါ တီထွင်ထားသလို မှောင်ခိုကုန်သွယ်မှုတွေနဲ့ သစ်တွေ၊ ကျောက်စိမ်းတွေ ခိုးထုတ်ခံနေရတဲ့ နိုင်ငံတစ်ခုဟာ တရားမဝင်ငွေကြေးစီးဆင်းမှုအများဆုံးနိုင်ငံတွေထဲပါဝင်နေတာက ထူးဆန်းတဲ့ အရာတစ်ခုမဟုတ်တာကြောင့် ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ UNCTAD ရဲ့ ကမ္ဘာ့နိုင်ငံတွေထဲ တရားမဝင်ငွေကြေးစီးဆင်းမှု Illicit Financial Flows (IFFs)နိုင်ငံစာရင်းထဲပါနေတာကလည်း အဆန်းမဟုတ်ဘူးပြောရမှာပါ။

တရားမဝင်ငွေကြေးစီးဆင်းမှု(IFFs) အဖြစ်သတ်မှတ်ရာမှာ မူးယစ်ဆေးဝါးရောင်းချမှုက ရရှိတဲ့ငွေတွေ လူကုန်ကူးမှုကရရှိတဲ့ငွေတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို မှောင်ခိုကူးတာက ရရှိတဲ့ငွေတွေကို တွက်ချက်တာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဒီသုံးချက်စလုံးနဲ့ ငြိစွန်းနေတာက စိတ်မကောင်းစရာပါပဲ။

မြန်မာနိုင်ငံဟာ အာရှတိုက်အတွင်းက နိုင်ငံတွေထဲ တရားမဝင်ငွေကြေးစီးဆင်းမှု အများဆုံးနိုင်ငံထဲ ပါဝင်နေသလို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပကို ဘိန်းတင်ပို့မှုက အမေရိကန်ဒေါ်လာ ၅၀၈ သန်းနဲ့ အမေရိကန်ဒေါ်လာ ၁၃၄၇ သန်းအကြား ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီနေရာမှာ လက်နက်ကိုင်တချို့ဟာ မူးယစ်ဆေးတွေမဖြန့်ချိပါဘူးလို့ ဘယ်လိုပဲပြောပြော ကာလရှည်ကြာလက်နက်ကိုင်တိုက်ပွဲတွေ ဆင်နွှဲဖို့အတွက်တော့ သူတို့ဟာ မူးယစ်ဆေးတွေကို ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေငွေရှာတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြနေပြီး ဒီလိုမျိုး လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းဖို့အတွက် မူးယစ်ဆေးဝါးဖြန့်ချိတဲ့ လမ်းကြောင်းမှန်သမျှ ဘယ်တာကမှမထွက်အောင် ပိတ်ဆို့တာကလည်း မြန်မာနိုင်ငံမှာ လမ်းစရှာမရဖြစ်နေတဲ့ ငြိမ်းချမ်းရေးအတွက် အဖြေပါလို့ ပြောရမှာပါ။ မူးယစ်ဆေးကနေ ဖောဖောသီသီရနေတဲ့ ငွေတွေနဲ့ လက်နက်အင်အား၊ လူအင်အား တောင့်တင်းအောင် လုပ်ဆောင်နိုင်နေသရွေ့တော့ ငြိမ်းချမ်းရေးကလည်း ဝေးသထက်ဝေးနေမှာပါ။

ကုလားတန်စီမံကိန်းကို မထိခိုက်တဲ့ ရခိုင်ရဲ့မတည်ငြိမ်မှု

အဆင်းရဲဆုံးပြည်နယ်စာရင်းဝင်ပါတယ်ဆိုမှ မိုခါက ဒုက္ခပေးသွားလို့ အခြေခံအဆောက်အအုံတွေ နေအိမ်တွေ ဒေါ်လာ ၁၃ ဘီလျံခွဲဖိုးလောက် ပျက်စီးသွားရတဲ့ ရခိုင်ပြည်နယ်ဟာ AA နဲ့ တပ်မတော်ကြား အပစ်ရပ်ထားလို့သာ ကံနည်းနည်းကောင်းနေတယ်ပြောရမှာပါ။ မိုခါက ဒုက္ခပေးသွားလို့ အစစအရာရာခက်ခဲနေချိန်မှာ စစ်သာပြန်ဖြစ်ရင် ပိုပြီးတော့ ငတ်မွတ်ခေါင်းပါးဘေးဒဏ်ရင်ဆိုင်ရမဲ့ အခြေအနေပါ။ တစ်ဖက်မှာလည်း ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ကူညီမှုဟာ ရခိုင်ကို ထင်သလောက်ရမလာသလို NUG နဲ့ အမေရိကန်အပါအဝင် UN ရဲ့ ကူညီမှုတွေကလည်း ဘင်္ဂါလီတွေဆီ တိုက်ရိုက်သွားနေတာမို့လို့ အခက်ကြုံနေတဲ့ ရခိုင်ဟာ ကိုယ်ထူကိုယ်ထဖို့ကလွဲရင် တစ်မိုးတွင်းစာ ထိုင်စားဖို့ ကူညီမှုတွေ အများကြီး မျှော်လင့်မရတော့တာ အသေအချာပါ။

ဒီလိုအခြေအနေမျိုးမှာ ရခိုင်အနေနဲ့ ကျောက်ဖြူစီမံကိန်းလိုမျိုး၊ ကုလားတန်စီမံကိန်းလိုမျိုး စီမံကိန်းတွေ မြန်ဆန်စွာအကောင်အထည်ပေါ်လာခြင်းက ဒေသတိုးတက်ဖို့ လမ်းကြောင်းတစ်ခုပါ။ အထူးသဖြင့် ကုလားတန်စီမံကိန်းဟာ စစ်တွေဆိပ်ကမ်းသစ်ဖွင့်လှစ်မှုနဲ့အတူ အိန္ဒိယကုန်သွယ်မှုစတင်နေတာမို့လို့ ဒေသဖွံ့ဖြိုးဖို့ အားတစ်ခုပါ။ ဒီအခြေအနေမှာ ကုလားတန်စီမံကိန်းအရှိန်အဟုန်နဲ့ ဆက်သွားဖို့အတွက်တော့ စီးပွားကူးသန်းဝန်ကြီးဦးအောင်နိုင်ဦးက ရခိုင်ရဲ့ မတည်ငြိမ်မှုဟာ ကုလားတန်စီမံကိန်းကို ထိခိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ တစ်ဖက်မှာတော့ ကုလားတန်စီမံကိန်းကို အမြဲဖမ်းဆီး၊ ဖျက်ဆီး ဒုက္ခပေးတတ်တဲ့ AA ဟာ အပစ်ရပ်ထားချိန်မှာ အားမွေးပြီး စစ်ပြင်နေတဲ့ အလားအလာကိုလည်း တွေ့နေရပါသေးတယ်။ သေချာတာကတော့ နှစ်ဖက်တိုက်ခိုက်မှုတွေက ကုလားတန်စီမံကိန်းကို ထိခိုက်ဖို့မရှိဘူးဆိုရင်၊ နိုင်ငံရေးနဲ့ စီးပွားရေး ရောမချိတ်ဘူးဆိုရင် ကုလားတန်စီမံကိန်းရဲ့ အသီးအပွင့်ကို ရခိုင်က အဓိက ခံစားရမှာဖြစ်ပြီး AA ကသာ အရင်ကလို ဒီစီမံကိန်းကို နှောင့်ယှက်ဖျက်ဆီးနေရင်တော့ အဆင်းရဲဆုံးရခိုင်ဟာ တိုးတက်လာဖို့က ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဦးမှာပါ။

ဝိသမလောဘသားတွေရဲ့ ငွေကြေးစျေးကစား နိုင်ငံရေးအမြတ်ထုတ်မှုကြားက မြင့်မားလာတဲ့ ကုန်စျေးနှုန်း

ဝိသမလောဘသားတွေရဲ့ ငွေကြေးကစားမှုနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုကြောင့် ကုန်ဈေးနှုန်းတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးထက် ဈေးနှုန်းမြင့်မားနေတယ်လို့ ယူဆကြောင်း SAC ဥက္ကဋ္ဌက ပြောကြားလာပါတယ်။ ဒီအခြေအနေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကလည်း ကုန်စျေးနှုန်းကျဆင်းရေးလုပ်ဖို့လည်း ပြောကြားပါသေးတယ်။

၂၀၂၁ နွေဦးဖြစ်စဉ်အစမှာ ကုန်စျေးနှုန်းတက်မှ ပြည်သူကျပ်တည်းပြီး အစိုးရကို ပုန်ကန်ထကြွ ဆန္ဒပြအောင် လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ်တကယ်ရှိခဲ့သလို ငွေကြေးစျေးကစားတာ၊ အိမ်ခြံမြေတွေ ရွှေတွေ ဒေါ်လာစျေးတွေ ဆွဲတင်ပြီး လူထုကြား ကျပ်တည်းမှုမြင့်မားလာအောင် လုပ်ဆောင်တာတွေလည်း တကယ်ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီအခြေအနေတွေ ထိန်းကျောင်းဖို့ လုပ်ဆောင်ပေမဲ့လည်း ရွှေတွေ၊ ဒေါ်လာတွေဟာ အတက်စျေးမှာပဲ ဂယက်မရိုက်အောင် ထိန်းထားနိုင်တဲ့ အဆင့်ပဲရှိပြီး ကားလို မြေလို အခြေပစ္စည်းတွေကတော့ ထိန်းကျောင်းမှုမရှိတဲ့အောက်မှာ စျေးနှုန်းအဆမတန်ဖြစ်လာတဲ့ အခြေအနေပါပဲ။

လူထုဟာ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ NLD ဆိုတဲ့ အစိုးရသုံးဆက်မှာ ဘယ်အစိုးရလက်ထက်က အကောင်းဆုံးလဲဆိုတာကို ဆန်းစစ်ကြချိန်မှာတော့ ကားတစ်စီးသိန်း ၁၀၀ ပတ်လည်၊ တစ်လ လစာ ၃၀၀၀၀ လောက်ကနေ ၃၊ ၄ သိန်းရလာတဲ့ ခေတ်ကို တမ်းတနေကြသလို ဦးသိန်းစိန်လက်ထက်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဆိုတာမျိုး နှိုင်းယှဉ်ကြတာတွေလည်း မကြာခဏရှိနေပါသေးတယ်။ အရင် NLD အစိုးရဟောင်းလက်ထက်မှာလည်း လျှပ်စစ်စီမံကိန်းအများစုဟာ ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ အသီးအပွင့်တွေဆိုပေမဲ့ LNG နဲ့ မီးပေးမှုအပါအဝင် လျှပ်စစ်ဓာတ်အားလွှမ်းခြုံနိုင်မှုက ၅၂ ရာခိုင်နှုန်းလောက်ဖြစ်လာတာကြောင့် အခုလို မီးမမှန်တော့တဲ့ကာလမှာ PDF ဖျက်ဆီးတာထက် အရင်တုန်းက မီးမှန်တယ်ဆိုတာမျိုး ပြောလာတာကိုလည်း တာဝန်ရှိသူတွေ သတိထားဖို့ လိုအပ်ပါတယ်။

တစ်ခါ နစက ဥက္ကဋ္ဌဟာ မြေလွတ်တွေမှာ စိုက်ပါလို့ ပြောနေပေမဲ့လည်း သွင်းအားစုတွေ စျေးတက်နေတာနဲ့ မြေတွေ ခွဲစိတ်ပြီးရောင်းနေတာတွေကို အောက်ခြေမှာ ထိန်းချုပ်နိုင်မှုမရှိပါဘူး။ ဓာတ်မြေဩဇာလို သွင်းအားစုတွေဟာ ဖောက်ခွဲရေးမှာသုံးလို့ ကန့်သတ်တာကြောင့်စျေးကြီးနေတယ်ဆိုရင် အစိုးရက တကယ်စိုက်သူတွေ စျေးချိုချိုနဲ့ရဖို့ ဆောင်ရွက်ပေးတာမျိုး လုပ်ဖို့ လိုအပ်သလို မြေစျေးတွေ အဆမတန်တက်နေလို့ မြေပဲခွဲရောင်းမယ်ဆိုတဲ့လူတွေ များနေသရွေ့ စိုက်ပျိုးမြေတွေဟာ စိုက်ပျိုးမှုမရှိဖြစ်နေဦးမှာပါ။ ဒါကြောင့်မို့လို့ မြေစျေးတွေ ထိန်းကျောင်းတာ၊ တကယ်မြေလိုအပ်နေတဲ့ ဆင်းရဲသားပြည်သူတွေအတွက် မြို့သစ်လိုမျိုး ဖော်ဆောင်ပေးတာ၊ ကားစျေးတွေကျအောင် လိုအပ်တဲ့ မူဝါဒတချို့ ချိန်ညှိတာမျိုးလုပ်ပြီးတော့ ဘယ်သူ့လက်ထက်မှာတော့ ဘာလုပ်ပေးခဲ့တာ၊ ဘယ်လိုလုပ်ပေးခဲ့တာတော့ တော်တော်ကောင်းတယ်ဆိုတာမျိုး ပြောစမှတ်ဝင် သမိုင်းတွင်အောင်လည်း ကြိုးစားပြပါဦးလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News