၁၉. ၆. ၂၀၂၃
Written by Min Mahar

နေအိမ်အတွင်းရှိ ဆိုင်ကယ်ပြင်ဆိုင်၌ ဆိုင်ကယ်ပြင်နေသောအမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင် ၃ ဦးက သေနတ်ဖြင့်ပစ်သတ်သွားသည့်အပြင် ဖုန်း ၃ လုံးနှင့်ဆိုင်ကယ်တစ်စီးပါလုယူသွားမှု ယမန်နေ့ညနေပိုင်းက နွားထိုးကြီးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၁) ရပ်ကွက်တွင်နေထိုင်သော အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးသည် နေအိမ်အတွင်း၌ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားပြီး ၎င်းအမျိုးသမီးနှင့်အတူ ဆိုင်ကယ်ပြင်နေစဉ်အတွင်း PDF အဖွဲ့ဝင် အမည်မသိအမျိုးသား ၃ ဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး အမျိုးသားကိုသေနတ်ဖြင့်ပစ်သတ်သွားသည့်အပြင် လက်ကိုင်ဖုန်း ၃ လုံးနှင့် Dayang အမျိုးအစား အပြာနုရောင် ဆိုင်ကယ် ၁ စီးကိုပါယူဆောင်ကာ နွားထိုးကြီး – တောင်သာကားလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် ၎င်းအမျိုးသားသည် ဝဲဘက်ညှပ်ရိုး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်မောင်းဖောင်ဝင်ဒဏ် ရာ ၂ ချက်၊ ချက်အထက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေဖဝါးဖောက်ဝင်/ထွက် ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံပွန်းခြစ်ဒဏ်ရာ ၁ ချက်၊ ကျောပြင်ယာဘက်ခြမ်းဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်တံတောင်ဆစ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ ပရဟိတအသင်းယာဥ်မောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်နေရာအနီးဝန်းကျင်တွင် 9mm Thaiarms ကျည်ခွံ ၁ ခု၊9mm Luger ကျည်ခွံ ၁ ခု၊ M-22ကျည်ခွံ ၅ ခုကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *