April 26, 2024

◾ ကျုးလွန်သူမှာလည်း ဘုန်းကြီးကျောင်းတိုက်တစ်ခုမှ ယာဥ်မောင်းဖြစ်နေဟု ဆို

MT News

Written by Peya

သက်တော် ၉၃ နှစ်အရွယ်ရှိ ဘုန်းတော်ကြီးတစ်ပါးကို ကားဖြင့် တိုက်မိသည့်အတွက် ဆေးကုပေးမည်ဟု ပြောပြီး ခေါ်သွားကာ စွန့်ပစ်ခဲ့သောကြောင့် ပျံလွန်တော်မူသည့် ဖြစ်စဉ် မန္တလေးတွင် ဇွန်လ ၆ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်မှ ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း သိရသည်။

ဇွန်လ ၆ ရက် နံနက်ပိုင်း ၅ နာရီ အချိန်ခန့်က သက်တော် ၉၃ နှစ်၊ ဝါတော် ၂၁ ဝါရှိ ဘုန်းတော်ကြီးဘဒ္ဒန္တဩဘာသသည် အဖော်ရဟန်းတစ်ပါးနှင့် အတူ မန္တလေးတောင် အနောက်ဘက် ဂေါက်ကွင်းအနီးတွင် ဆွမ်းခံကြွရင်း လိုက်ထရပ်ကားတစ်စီးနှင့် တိုက်မိရာ အဖော်ဦးဇင်းကို ဆေးခန်းပို့ပေးရန် ခေါ်သွားမည်ဟုဆိုကာ ကားဖြင့်တိုက်မိသည့် ဘုန်းတော်ကြီးကို ခေါ်ဆောင်သွားပြီးနောက် လမ်းဘေး စွန့်ပစ်ခဲ့စဥ် ပျံလွန်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တရားခံကလည်း ဘုန်းကြီးကျောင်းက ယာဥ်မောင်းပဲ။ အခုတော့ သူ့ကို ဖမ်းထားသလို ကျန်တဲ့ကားပေါ်ပါသူတွေကိုလည်း စစ်ဆေးနေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တရားခံ၏အမည်မှာ ကိုနေမျိူးသူ အသက် (၂၄)နှစ်၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ မျိူးချစ်ကျောင်းတိုက်မှဖြစ်ပြီး ကားပိုင်ရှင်မှာလည်းမျိူးချစ်ကျောင်းပိုင်ကားဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိ ယဥ်မောင်းကို အမှု့ဖွင့်လျက် အမှတ် (၂) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး အတူပါ ၃ ဦးကိုလည်း ဆက်လက်စစ်ဆေးလျက်ရှိသည်ဟု ပျံလွန်တော်မူရရှာသည့် ဘုန်းတော်ကြီး၏ သားသမက်တော်စပ်သူပရဟိတမင်းခေါင်အကောင့်ပိုင်ရှင်က အသိပေးထားသည်။

ပျံလွန်တော်မူသွားသည့် ဆရာတော်သည် အတိုက်ခံရချိန်က ထိုင်နိုင်ခဲ့သော်လည်း အတွင်းကလိစာ ထိခိုက်သွားသည့် အခြေအနေဖြစ်နိုင်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ဖြေကြားထားကာ အဆိုပါ ရဟန်းတော်၏ ဖုန်း၊ သပိတ်နှင့် ဆွမ်းချိုင့်တို့လည်း ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *