April 26, 2024

◾️ ထီပေါက်ပါက ကျပ် ၁၀ သိန်းနှင့်အောက် ဆုငွေများကို အွန်လိုင်းက ထုတ်လိုလျှင် Mytel Pay မဖြစ်မနေ ဖွင့်ရမည်ဟု သိရ

၁၀. ၆. ၂၀၂၃
Written by Nyein Kyaw

အောင်ဘာလေအွန်လိုင်းထီဆုများမှာ ပုံမှန်ထီဆုအတိုင်းသာဖြစ်ပြီး ယခင်အတိုင်း အမြင့်ဆုံးကျပ်သိန်း ၅၀၀၀ ချီးမြှင့်မည်ဖြစ်ကာ လက်ရှိတွင် ယခင်စာရွက်ထီအတွက် “က မှ စ” အထိ အွန်လိုင်းထီအတွက် “ဆ မှ ဌ အထိ အက္ခရာ ၆ လုံးစီ ခွဲခြားရောင်းပေးနေကြောင်းနှင့် အွန်လိုင်းထီလက်မှတ်မှ ထီပေါက်သူများအတွက် ကျပ် ၁၀ သိန်းနှင့်အောက် ဆုငွေများကို အီလက်ထရောနစ်စနစ်ဖြင့် ဆုငွေထုတ်ယူနိုင်ရန် Mytel Pay မဖြစ်မနေ ဖွင့်ထားရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

“၅၂ ကြိမ်မြောက်အတွက် Paper Lottery ကို ဂဏန်း ၆ လုံးဖွင့်ထားပေးပြီး Online Lottery ကိုလည်း ဂဏန်း ၆ လုံးဖွင့်ထားပေးပါတယ်။ ၂ ခုပေါင်း အက္ခရာ ၁၂ လုံးရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်း ဆုမဲအဖြစ် ခွဲဝေဖွင့်လှစ်မှာဖြစ်ပါတယ်။ ထီဖွင့်တာကလည်း တစ်ကြိမ်တည်းဖြစ်ပြီး Paper ကလည်း ပေါက်နိုင်သလို Online ကလည်းပေါက်နိုင်ပါတယ်။ ၇၀ ရာခိုင်နှုန်း ရငွေအပေါ်မူတည်ပြီး ဆုမဲတွေရဲ့ Amount နဲ့ အရေအတွက်တွေ သိရပါလိမ့်မယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှူးတစ်ဦးက ပြောသည်။

မြန်မာ့ထီကို အွန်လိုင်းမှ စတင်ထိုးနိုင်မည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အောင်ဘာလေထီလက်မှတ်များအား အွန်လိုင်းမှတစ်ဆင့် ဝယ်ယူကံစမ်းနိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် Service Provider အဖြစ် တင်ဒါ အောင်မြင်ခဲ့သည့် Telecom International Myanmar Co.,Ltd(Mytel) တို့ ပူးပေါင်း၍ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်သည်။

“Application Down ပြီးရင်တော့ အကောင့်ဝင်ရပါမယ်။ OTP Code ပို့ပေးတာကို ထည့်ရပါမယ်။ နောက်ပြီး ဖုန်းနံပါတ်ထည့်ပေးရမှာပေါ့။ အောင်ဘာလေအွန်လိုင်းထီအသုံးပြုလုပ်လို့ရပါပြီ။ ထီပေါက်လို့ရှိရင် ငွေပေးချေတာက ထီရုံးမှာလည်း ငွေသွားထုတ်လို့ရသလို Application ထဲမှာ Account ဆိုတဲ့နေရာမှာ ဆုထုတ်ရန်ဆိုပြီးရှိပါတယ်။ အဲဒီကနေလည်း ထုတ်လို့ရတယ်။ အဲဒီလိုအကောင့်ချိတ်ဆက်ဖို့ဆို Mytel Pay လေးတော့ ဖွင့်ပေးရမယ်။ ဖုန်းထဲကပဲ ထုတ်ချင်တယ်ဆိုရင် Mytel Pay တော့ ဖွင့်ပေးရမယ်။ မဖွင့်ချင်ရင်တော့ ထီရုံးမှာ သွားထုတ်လို့ရပါတယ်။ ထီဆုပေါက်ရင် ထီပေါက်ကြောင်း Security Code လေးပို့လာပါတယ်။ အဲဒါလေးနဲ့ သွားထုတ်ရမှာပါ။ ထီကတော့ အပြင်မှာအခုရောင်းနေတာနဲ့ အွန်လိုင်းထီက‌ အကုန်အတူတူပါပဲ။ တစ်မျိုးထဲပါပဲ။ အီလက်ထရောနစ်စနစ်ပေါ့။ ဖုန်းထဲကနေပဲ ထုတ်မယ်ဆိုရင် Mytel Pay မဖြစ်မနေဖွင့်ရပါမယ်။ အခြားဟာတွေနဲ့ မရပါဘူး” ဟု Aung Bar Lay Application သတင်းပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

အောင်ဘာလေထီလက်မှတ်ကို အွန်လိုင်းမှဝယ်ယူကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် Application မှတဆင့် မိမိနှစ်သက်ရာ အက္ခရာနှင့်နံပါတ်အား ရွေးချယ်ဝယ်ယူခြင်း၊ စနစ်မှအလိုအလျောက် ရွေးချယ်ပေးသော အက္ခရာနှင့် နံပါတ်အား ဝယ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထီလက်မှတ် ဝယ်ယူပြီးပါက ဝယ်ယူထားသည့် ထီလက်မှတ်များကို ဝယ်ယူသူ၏ Account တွင် ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝယ်ယူကံစမ်းခဲ့သည့် အောင်ဘာလေအွန်လိုင်း ထီလက်မှတ်များထဲမှ ကံထူးခဲ့ပါကလည်း ကံထူးရှင်၏ ဖုန်းနံပါတ်သို့ စာတို (SMS) ပေးပို့ အကြောင်းကြားခြင်း၊ ကျပ် ၁၀ သိန်းနှင့် အောက် ထီဆုငွေများဖြစ်ပါက Application မှတစ်ဆင့် ထီဆုငွေထုတ်ယူနိုင်ရန်အတွက် လျှို့ဝှက်ကုတ်နံပါတ် (Security Code) ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

အောင်ဘာလေအွန်လိုင်းထီ ဆုငွေထုတ်ပေးခြင်းနှင့်စပ်လျဥ်း၍ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများကို အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို အသုံးပြု၍ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် အောင်ဘာလေထီလက်မှတ်များကို Application မှ ဝယ်ယူကံစမ်းရာတွင် ပထမအဆင့်အနေဖြင့် KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay နှင့် Mytel Pay များကို အသုံးပြုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ပြင် လက်ရှိ ကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုလည်း ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အောင်ဘာလေအွန်လိုင်းထီအတွက် ထီဖွင့်ပွဲကို (၅၂) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *