March 29, 2024

၈. ၆. ၂၀၂၃
Written By Thandar

နာမည်ကြီး ဝါရင့်ဒါရိုက်တာတွေနဲ့ အနုပညာငွေကြယ်ပွင့်သစ်တွေ ပိုမိုများပြားစွာ တောက်ပလာစေဖို့ သရုပ်ဆောင်သင်တန်းကို Top Talent Management Company- TTMC က အခမဲ့သင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီသင်တန်းမှာ လာရောက် သင်ပေးဖို့ ကိုဘိုစန်းရယ် ကိုဂျွန်က ကမ်းလှမ်းခဲ့တယ်။ သရုပ်ဆောင်သစ်တွေအတွက် ရည်ရွယ်ပြီး အခမဲ့သင်တန်း လူငယ်တွေအတွက် အကျိုးရှိမှာမို့ လက်ခံဖြစ်တာပါ။ အနုပညာ အလုပ်ကို ဝါသနာပါတဲ့ လူငယ်တွေလာပြီး Join လို့ရပါတယ်။ ကျွန်တော့်ထက် စီနီယာကျတဲ့ ဒါရိုက်တာတွေလည်း ပါတယ်။ တခြား သရုပ်ဆောင်သင်တန်းတွေကတော့ Fee တစ်ခုပေးရတယ်။ ဒါက ပညာကို အခမဲ့ပံ့ပိုးပေးတယ် ဆိုတော့ တော်တော်လေးလည်း ကောင်းပါတယ်။ အနုပညာဝါသနာပါတဲ့သူတွေအတွက် လမ်းကြောင်းတစ်ခုပေါ်ကို ရောက်သွားနိုင်တဲ့ အခွင့်အရေးတွေရမယ်”လို့ ဒါရိုက်တာဝင်းလွင်ထက်က ပြောပါတယ်။

အနုပညာဝါသနာပါတဲ့ သင်တန်းသား အယောက် ၁၀၀ အတွက် အခမဲ့ ပညာဒါနသရုပ်ဆောင်သင်တန်းလည်းဖြစ်ပါတယ်။ အခမဲ့ပညာဒါန သရုပ်ဆောင်သင်တန်းကိုတော့ ဝါရင့်ဒါရိုက်တာတွေဖြစ်ကြတဲ့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ဩရသ၊ ဒါရိုက်တာ ဝင်းလွင်ထက်တို့ကိုယ်တိုင် သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

“သရုပ်ဆောင်ကို တကယ်ရူးသွပ်တဲ့ မျိူးဆက်သစ်ဝါသနာရှင်‌တွေအတွက် TTMC သင်တန်းကို ဖွင့်လှစ်တာပါ။ ဒီသင်တန်းဆိုတာထက် ကျွန်တော်ကတော့ ကိုယ့်ညီတွေ၊ ညီမတွေကို ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေကို သရုပ်ဆောင်နဲ့ပတ်သက်တာတွေကို သိသင့်သိထိုက်တာကို Sharing လုပ်ပေးမှာပါ။ ကျွန်တော်က တစ်ပတ်ကို ၂ ရက်သင်ကြားပေးမှာပါ”လို့ သူက ဆက်ပြောပါတယ်။

သင်တန်းသင်ကြားပေးမယ့် နေ့ရက်တွေကတော့ ဇွန် ၂၃ ရက်ကနေ ဇူလိုင်လ ၇ ရက်အထိ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ထားတဲ့ နေ့ရက်အလိုက် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြယမုံစမ်းရိပ်မြိုင်အိမ်ရာ၊ (၂၆)ရပ်ကွက်ရှိ မင်္ဂလာသီရိလမ်းက အမှတ် ၁၈၆ နေအိမ်မှာသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အနုပညာကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ဖို့ စိတ်ဝင်သူတွေအနေနဲ့ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အလှဓါတ်ပုံ ၂ ပုံ နဲ့ စာရင်းပေးသွင်းရမှာဖြစ်ပြီး ဖုန်းနံပါတ် 09264008518 နဲ့ 09421138509 ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *