April 19, 2024

၈. ၆. ၂၀၂၃
Written by Nay Moe

BPLA မှ စံပြရဲဘော်ဆုရမင်းချစ်ဦး တပ်မဟာ (၅) နယ်မြေရှိ တပ်စခန်းတစ်ခုကို ညဘက်တွင် အလစ်အငိုက် သွားရောက်တိုက်ခိုက်စဥ် ကျည်ထိမှန် သေဆုံးခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မဟာ(၅)နယ်မြေအတွင်းရှိ လခရစခန်းတစ်ခုအား ပြီးခဲ့သော ဇွန်လ ၅ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရဲဘော် မင်းချစ်ဦး(ကိုယ်ပိုင်အမှတ် BA – 00047)သည် သေဆုံးခဲ့သည်ဟု BPLA က ကြေညာသည်။

ရဲဘော်မင်းချစ်ဦးသည် အခြေခံစစ်ပညာ၊ သင်တန်းနည်းပြဆရာတစ်ဦးဖြစ်ပြီး NCO အကြပ်သင်တန်းတက်ရောက်ရာတွင်လည်း စံပြရဲဘော်ဆု ရရှိခဲ့သူဖြစ်သည်ဟု BPLA က ဆိုသည်။

“ကျွန်တော် အဆင်မပြေပါဘူး။ ချစ်ဦးဆိုတာ ကျွန်တော် ယုံကြည်အားထားရဆုံးတပ်မှူးတစ်ဦးပါ။ ယူကြုံးမရဖြစ်ရပါတယ်”ဟု BPLA ထူထောင်သူကဗျာဆရာမောင်ဆောင်းခက မှတ်ချက်ပြုသည်။

တပ်စခန်းအား ညဘက်တွင် အလစ်ချောင်း၍ သွားပစ်သော်လည်း ကျည်ထိသေဆုံးရသူမင်းချစ်ဦး၏ အလောင်းကို တောတွင်းတစ်နေရာတွင် ဇွန်လ ၇ ရက်ကမြေမြှုပ်ခဲ့ပြီး KNLA နှင့် BPLA တို့ အလစ်တိုက်သည့် စခန်းနှင့်ပတ်သက်၍မူ စခန်းရမရ တိုက်ခိုက်သူတို့က သတင်းထုတ်ပြန်မှုမရှိချေ။

Leave a Reply

Your email address will not be published. Required fields are marked *