April 25, 2024

၈. ၆. ၂၀၂၃
Written by Pan Ei

မကြာသေးမီက အိန္ဒိယနိုင်ငံ၊ ဘန်ဂါလူရူမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် Chittara Star ဆုပေးပွဲမှာ မနှစ်ကထွက်ရှိခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ “777 Charlie” အိန္ဒိယရုပ်ရှင်ဟာ ဆုနှစ်ဆုရှိခဲ့သလို ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ ခွေးလေး ချာလီက အကောင်းဆုံး ဖျော်ဖြေသူဆုကို ရရှိခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ခွေးလေးရဲ့ ဆုယူနေတဲ့ဓာတ်ပုံတွေနဲ့ အခြားသရုပ်ဆောင်အဖွဲ့ဝင်တွေနဲ့အတူ ပျော်စရာတွေမျှဝေနေခဲ့တဲ့ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပြီး အင်တာနက်အသုံးပြုသူတွေက ခုလိုထူးဆန်းတဲ့အဖြစ်အပျက်ကို သဘောကျကြခဲ့ကာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

လူသားနဲ့ တိရစ္ဆာန်ကြားက ဆက်ဆံရေးနဲ့ မေတ္တာတရားအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ “777 Charlie” ရုပ်ရှင်ဟာ ထွက်ရှိစဉ်ကတည်းက တိရစ္ဆာန်ချစ်သူတွေကြားမှာ အတော်လေး နာမည်ကြီးခဲ့ပြီး ကြည့်ရှုသူပရိသတ်တွေကို မျက်ရည်ကျစေခဲ့ကာ ဒီဇာတ်ကားကို ဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kiranraj K ကလည်း ‘အကောင်းဆုံး ဒါရိုက်တာဆု’ ကို ရရှိခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲမှာ အအောင်မြင်ဆုံးလို့တောင် သတ်မှတ်လို့ရတဲ့ “777 Charlie” ရုပ်ရှင်ဟာ ရုံတင်ငွေပိုင်းမှာလည်း သိသိသာသာအောင်မြင်မှုတွေရရှိခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းလှခဲ့တဲ့ ခွေးလေး ချာလီက ဇာတ်ကားရုံတင်ပြီးစဉ်ကတည်းက ခွေးအလိမ္မာလေး ချာလီအဖြစ်နဲ့ နာမည်ကြီးနေခဲ့သလို အခုလက်ရှိမှာလည်း အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး သရုပ်ဆောင်ဆုရရှိခဲ့တဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်လာခဲ့ပါတယ်။

Ref; eyenews

Leave a Reply

Your email address will not be published. Required fields are marked *