၈. ၆. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံတရားရုံးချုပ်က NLD အစိုးရဟောင်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယခင်နိုင်ငံရေးလောက မဟာမိတ်တစ်ဦးထံမှ ရွှေနှင့် ဒေါ်လာငွေထောင်ပေါင်းများစွာ လက်ခံရယူခဲ့မှုကြောင့် လာဘ်ပေးလာဘ်ယူမှုနှင့် တရားစွဲအပြစ်ပေးထားမှုအပေါ် အယူခံဝင်ခြင်းအား ကြားနာရန် သဘောတူခဲ့သည်ဟု ဥပဒေအရာရှိများက ဇွန်လ ၆ ရက်က ပြောခဲ့ကြသည်။

အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာကို ခေတ္တထိန်းသိမ်းခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး လာဘ်ပေးလာဘ်ယူမှုအပါအဝင် အခြားသော ပြစ်မှုများဖြင့်လည်း စွဲချက်တင်ရုံးတင်စစ်ဆေးခံခဲ့ရသည်။ ၎င်းအားထောက်ခံသူများကမူ ၎င်းအားဂုဏ်သိက္ခာကျစေရန် တမင်သက်သက်ဆောင်ရွက်ခြင်းဟု ပြောခဲ့ကြသည်။

၎င်းအား ယခင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေခုနစ်ပိဿာ လက်ခံရယူခဲ့သည့်အတွက် လာဘ်ပေးလာဘ်ယူမှုဖြင့် အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်ကာ ၂၀၂၂ ခုနှစ် ဧပြီလတွင် ထိုအမှုအတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။ တရားရုံးတွင် လာဘ်ပေးမှုပြုခဲ့သူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းကလည်း လာဘ်ပေးရမှု မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ စွဲချက်များအပေါ်ငြင်းပယ်ခဲ့ပြီး ၎င်းတွင်အပြစ်မရှိကြောင်းနှင့် စွဲချက်များက သဘာဝမကျဟု ပြောခဲ့သည်။

ထိုအမှုနှင့်နီးစပ်မှုရှိသူ ဥပဒေအရာရှိနှစ်ဦးက တရားရုံးစီရင်ချက်အပေါ် အယူခံဝင်ခြင်းအား ကြားနာရန် တရားရုံးချုပ်က ဇွန်လ ၂ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဟုလည်း ပြောခဲ့ကြသည်။ ဧပြီလအတွင်းကလည်း တရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အခြားသော လာဘ်ပေးလာဘ်ယူမှု အမှုငါးမှုတွင် ပြစ်ဒဏ်စီရင်ထားခြင်းအပေါ် အယူခံဝင်ခြင်းအား ကြားနာရန် သဘောတူခဲ့သေးသည်။

အန်အယ်လ်ဒီအစိုးရခေါင်းဆောင်ဟောင်းအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများအပြင် လမ်းလျှောက်စကားပြောစက်များ တရားမဝင်တင်သွင်းခြင်းနှင့် ပိုင်ဆိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း၊ နိုင်ငံတော်အားအကြည်ညိုပျက်အောင်ပြုလုပ်ခြင်း၊ လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်ခြင်း၊ ရွေးကောက်ပွဲ မဲမသမာမှုများပြုလုပ်ခြင်း စသည်တို့အတွက်လည်း တရားစွဲအပြစ်ပေးခံထားရသည်။
Rep—-AP

Leave a Reply

Your email address will not be published. Required fields are marked *

Related News