၈. ၆. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား Blacklist စာရင်းထည့်သွင်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ ချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေရန် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့၍ အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီသုံးခုမှာ Paing Family International Co.,Ltd မှတ်ပုံတင်အမှတ်/ရက်စွဲ 192480043 (5-8-2004) ၊ Millionaire Phyo Trading Co.,Ltd မှတ်ပုံတင်အမှတ်/ရက်စွဲ 117652114 (10-5-2018)နှင့် Ayar Thu Kha San Pulses & Beans Trading Co.,Ltd မှတ်ပုံတင်အမှတ်/ရက်စွဲ 108993936 (23-6-2011) တို့ဖြစ်ကြောင်း သိရသည်။

MT News သတင်းဌာနမှ Ayar Thu Kha San Pulses & Beans Trading Co.,Ltd သို့ ဆက်သွယ်မေးမြန်းရာ “လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ ဖြေဖို့မရှိသေးပါဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တိုအရ ပို့ကုန်တင်ပို့သူများအနေဖြင့် အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅)ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်ရက်မှ ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ ပြန်လည်ဝင်ရောက်လာသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်က သတ်မှတ်ထားသည့် ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကိုသာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမည်ဖြစ်သည်။

ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိကို ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းအဖွဲ့တို့မှ ပူးပေါင်းစိစစ် ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *