MT News

Written by Nay Aung

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိအောင် တတ်စွမ်းသမျှကူညီပေးသွားမည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသောအဖွဲ့အစည်းများနှင့် အနီးကပ် ဆက်သွယ်လျက်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သော ဘန်ကီမွန်းသည် ပြီးခဲ့သောဧပြီလတွင် မြန်မာနိုင်ငံသို့ အံအားသင့်ဖွယ် လာရောက်ခဲ့ပြီးနောက် နစက တာဝန်ရှိသူများအပြင် နစကကိုတိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

ထို့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းများ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းများ၊ နိုင်ငံတကာသံတမန်များ ပါဝင်ဖွဲ့စည်းထားသော The Elders အဖွဲ့၏ အကြီးအကဲတစ်ဦးဖြစ်သောဘန်ကီမွန်းသည် နစကအပြင် လက်နက်ကိုင်အဖွဲ့စည်းများနှင့် ဆက်သွယ် ဆောင်ရွက်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ဆက်သွယ်ဆောင်ရွက်မှုအခြေအနေ၏ သဘောသဘာဝကို အသေးစိတ်ပြောဆိုခြင်းမရှိခဲ့သလို ဧပြီလတွင် နစကအကြီးအကဲနှင့်တွေ့ဆုံချိန်အတွင်း ဆွေးနွေးချက်များကို လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်းသိရသည်။

ဘန်ကီမွန်းသည် The Elders အဖွဲ့တာဝန်ရှိသူများနှင့်အတူ မေလ ၃၁ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး “ကျွန်တော်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ်ကို ပြန်လည်လျှောက်လှမ်းနိုင်အောင် ကူညီပေးနိုင်ဖို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူတွေနဲ့ အနီးကပ်ဆက်သွယ်ဆောင်ရွက်နေတယ်” ဟုပြောသည်။

ဘန်ကီမွန်းက ၎င်းသည် မြန်မာအာဏာပိုင်များအပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှား သမ္မတ၊ NUG အဖွဲ့တာဝန်ရှိသူများနှင့် ဆက်သွယ်လျက်ရှိနေဆဲဖြစ်ကြောင်းလည်း ပြောသည်။

ဘန်ကီမွန်းသည် ပြီးခဲ့သော ဧပြီလတွင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နစကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်းထိန်းသိမ်းထားသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးအခက်ခဲကို ဖြေရှင်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘန်ကီမွန်းသည် အာဆီယံအဖွဲ့က အဆိုပြု ကြိုးပမ်းနေသော ငြိမ်းချမ်းရေးအစီအစဉ်များဖြစ်သည့် အာဆီယံသဘောတူညီချက်ငါးချက်ကိုအကောင်အထည်ဖော်ရန်နှင့် အကြမ်းဖက်မှုများကိုလျှော့ချရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ ဘန်ကီမွန်က ၎င်းနှင့် နစကခေါင်းဆောင် တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမျိုး မရှိခဲ့ကြောင်းလည်း ပြောသည်။

Ref——- AP

Leave a Reply

Your email address will not be published. Required fields are marked *