၂. ၆. ၂၀၂၃
Written by Hey Mar

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဥ် ပန်းကန်လုံးကျွန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရက်ပျံသောက်၍ သတ်သေရန်ကြိုးစားခြင်းကြောင့် ဒီဃာယု လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ အချိန်မီတင်ပို့ပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဒဂုံဆိပ်ကမ်းတွင်နေထိုင်သော အသက် ၂၁ အရွယ် ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီးငယ်သည်အိမ်ထောင်ရေးနှင့် စားဝတ်နေရေး အဆင်မပြေမှုများကြောင့် သေကြောင်းကြံစည်ခြင်းဖြစ်ကြောင်း ဆေးကုသမှုပေးသည့် ဆရာဝန်နှင့် သူနာပြုများ လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပြောပြသည်ဟု ဆိုသည်။

“သေကြောင်းကြံစည်ပြီး အရက်ပျံသောက်လိုက်တာကို ပန်းဉယျာဥ်က ဝန်ထမ်းတွေက တွေ့ပြီး ကျွန်တော်တို့ဒီဃာယု အဖွဲ့ကို အကူအညီတောင်းတာပါ။ ကျွန်တော်တို့အသင်းနဲ့က နီးတော့ အမြန်သွားလိုက်နိုင်ပါတယ်။ ဟိုရောက်တော့ သတိက မရတော့ဘူး။ အောက်စီဂျင်ကတော့ ကောင်းနေသေးတာနဲ့ ဆေးရုံကို အမြန်ပို့ပေးလိုက်နိုင်တယ်။ အခုတော့ အခြေအနေကောင်းပါတယ်။ မနေ့က သူ့ဖုန်းရဲ့ နောက် Call list တွေကိုရှာပြီး ဆက်သွယ်ပေးလိုက်လို့ မိသားစုလည်း ရောက်နေပါပြီ”ဟု MT News၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒီဃာယုအဖွဲ့မှ ဖြစ်စဥ်ကို သွားရောက်ကူညီပြီး သေကြောင်းကြံစည်မှုဖြစ်သဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ တာဝန်အရ သတင်းပေးပို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *