၂. ၅. ၂၀၂၃
Written by Ye Kyaw

တရားမဝင် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော လိုင်စင်မဲ့ မော်တော်ယာဥ်အမျိုးမျိုးကို လက်ဝယ်ထားရှိအသုံးပြုမောင်းနှင်နေသူများအား ဇွန် ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံး၌ စစ်ဆေးဖမ်းဆီးလျက်ရှိပြီး တွေ့ရှိပါက မော်တော်ယာဥ်ကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည့်အပြင် ထောင်ဒဏ် (၃) နှစ်အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဇွန်လ ၁ ရက်က စတင်ဆောင်ရွက်တာ။ ဖမ်းမိတယ်ဆိုလိုရှိရင်တော့ ပို့ကုန်/ သွင်းကုန် ဥပဒေနဲ့ လူရော၊ ကားရောကို အရေးယူမှာ။ ကားကိုတော့ သိမ်းမယ်။ လူကိုကတော့ ပိုင်ရှင်မဲ့ဆို တစ်မျိုးပေါ့။ ပိုင်ရှင်ပါတယ်ဆိုရင်တော့ အဲဒီပိုင်ရှင်ကို ပို့ကုန်/သွင်းကုန် ပုဒ်မ (၈) ဥပဒေနဲ့ သက်ဆိုင်ရာ သူ့ပုဒ်မနဲ့ ပြစ်ဒဏ်နဲ့ ကျခံရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ညွှန်ကြားချက်နဲ့လုပ်နေတာပေါ့။ မနေ့ကတော့ ဖမ်းမိတာတွေမရှိသေးဘူး” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က MT News သို့ ပြောသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် ဘားအံမြို့၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် လိုင်စင်မဲ့မော်တော်ယာဥ်အမျိုးမျိုးအား လက်ဝယ်ထားရှိသူ အသုံးပြုမောင်းနှင်သွားလာနေခြင်းများအား မပြုလုပ်ကြရန် ပညာပေးကာလအဖြစ် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှစတင်၍ လိုင်စင်မဲ့မော်တော်ယာဥ်များ လက်ဝယ်ထားရှိ အသုံးပြုစီးနင်းခြင်းများကို ပူးပေါင်းအဖွဲများဖြင့် လှည့်လည်စစ်ဆေးသွားမည်ဖြစ်ရာ စစ်ဆေးတွေ့ရှိပါက လိုင်စင်မဲ့မော်တော်ယာဥ်အား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့်အပြင် လက်ဝယ်ထားရှိအသုံးပြုသူအား ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူ၍ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *