April 29, 2024

၂. ၆. ၂၀၂၃
Written By Thandar

Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ်က Miss Grand International 2023 ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံက နာမည်ကြီး Pageant Coach နည်းပြဆရာနဲ့ အတူ လေ့ကျင့်ပြင်ဆင်မှုတွေကို မကြာမီအချိန်အတွင်း ပြုလုပ်မယ်လို့ သိရပါတယ်။

“ နီနီ ထိုင်းကိုသွားပြီး Catwalk Training ကို စတော့မယ်။ နီနီစကားပြောတဲ့အပိုင်းမှာ စကားဝဲတယ်။ ဟိုမှာလည်း အင်္ဂလိပ်စာကိုပဲ အဓိက ပြောရတာဆိုတော့ အလှမယ်ပိုင်းနဲ့ပတ်သက်တဲ့ စကားလုံးတွေ ဘယ်လိုပြောရမလဲဆိုတာကို သွားသင်ရမယ်။ အဓိက,ကတော့ ပြိုင်ပွဲမှာ မြန်မာနဲ့ပတ်သက်ပြီး ယဉ်ကျေးမှုအမွေအနှစ်ကို အများကြီး ချပြသွားမှာပါ။ ဟိုမှာ နိုင်ငံပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ လူမျိုးပေါင်းစုံတွေ့ရမှာဆိုတော့ ပြိုင်ပွဲမှာ နီနီက ယဉ်ကျေးမှုကို အဓိက ချပြချင်တယ်။ မြန်မာ့ယဉ်ကျေးမှုတွေကို သိစေချင်တယ်။ ဆရာတို့ကလည်း လုံးဝကို ပံ့ပိုးမှုကောင်းကောင်း ပေးတဲ့အတွက် ဒီနှစ်မှာ မြန်မာနိုင်ငံက အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်မယ် ထင်ပါတယ်”လို့ အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။

Miss Grand International 2023 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်အတွက် မြန်မာနိုင်ငံက ပရိသတ်တွေကလည်း စိတ်ဝင်စားစောင့်ကြည့်လျက်ရှိကြပြီး ပြိုင်ပွဲမှာ ဆုယူပေးဖို့ မျှော်လင့်လျက်ရှိကြပါတယ်။

“နီနီကိုယ်တိုင်ကလည်း တကယ့်ကို အလှမယ်တစ်ယောက်ဖြစ်ပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာအလှမယ်ဆိုတာကို ပြသွားချင်တယ်။ ပြိုင်ပွဲအတွက်လည်း အရမ်းရင်ခုန်နေပြီ။ အရှေ့က စီနီယာတွေကလည်း အများကြီး ကြိုးစားခဲ့ကြတယ်။ နေရာတစ်ခုရဖို့ကလည်း အရမ်းခက်ခဲတယ်။ ဘယ်လောက်ထိ ချပြနိုင်မလဲ။ ဘယ်လောက်ထိ အကောင်းဆုံး လုပ်သွားနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး နေရာရမှာဆိုတော့ နီနီက ဒီနှစ်တော့ အကောင်းဆုံး ရလဒ်တွေရမယ်လို့ မျှော်လင့်တယ်”လို့ သူမကဆက်ပြောပါတယ်။

အလှမယ် နီနီလင်းအိမ်ဟာ မွန်တိုင်းရင်းသူ ဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ၁၁ ကြိမ်မြောက် ကျင်းပမယ့် Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၆၀ ကျော်က အလှမယ်တွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *