April 26, 2024

၃၁. ၅. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းလုပ်ငန်းရှင်များ သံနှင့်သံမဏိ တင်သွင်းခြင်းလုပ်ငန်းကို ဒေါ်လာအစား ယွမ်ငွေ ပြောင်းလဲသုံးစွဲသူများကို လိုင်စင်ချပေးမှုကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းမှ သိရသည်။

“ကုန်သွယ်ရေးဦးစီးဌာနကနေပြီးတော့ အဲဒီ Information လေးကို ကုမ္ပဏီကို ဖြန့်ပေးပါဆိုလို့လေ။ သူတို့ဘက်က အကူအညီတောင်းထားလို့ ကုမ္ပဏီတွေကို ဖြန့်ပေးထားပါတယ်။ ကာလအပိုင်းအခြားတော့ မသိဘူး။ မနှစ်ကလိုင်စင်တွေအတွက်က မချပေးရသေးဘူးလေ။ မချပေးရသေးတဲ့အခါကျတော့ လိုင်စင်သွင်းထားတာ ဒေါ်လာတွေဖြစ်တယ်။ သုံးထားတဲ့ဒေါ်လာတွေအစား ဒီပမာဏနဲ့ညီမျှတဲ့ယွမ်ကို ပြန်ပြောင်းသုံးမယ်ဆိုလို့ရှိရင် သူတို့ချပေးမယ့် ဦးစားပေးထဲမှာပါမယ်ပေါ့” ဟု မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် သံနှင့်သံမဏိ လိုအပ်ချက်သည် နှစ်စဥ်တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ပျှမ်းမျှတန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်သော သံနှင့်သံမဏိ တန်ချိန် နှစ်သန်းခန့် (တန်ဖိုးဒေါ်လာ တစ်ဘီလျံကျော်)ကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်။

ပြည်တွင်းအတွက် လိုအပ်သည့် သံနှင့်သံမဏိများကို တရုတ်၊ အိန္ဒိယ၊ ဒူဘိုင်းနှင့် အာရှနှင့် အာဆီယံနိုင်ငံအချို့မှတစ်ဆင့် အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းမှ သိရသည်။

“အများဆုံးက တရုတ်ပေါ့နော်။ အိန္ဒိယတို့ ဒူဘိုင်းတို့ ကျန်တဲ့အာဆီယံနိုင်ငံတွေကနေ တင်သွင်းတာတွေရှိပါတယ်။ ဂျပန်တို့ဘာတို့ပေါ့” ဟု မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ပြောသည်။

မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအနေနဲ့ လိုင်စင်ချထားပေးမှုကို နောက်ဆုံးအမှတ်စဉ်(၈၁)အထိ ချထားပေးခဲ့ပြီး ယခု ၂ဝ၂၃ ခုနှစ် လိုင်စင်ချထားမှုပေးမှုအား ဒေါ်လာအစား ယွမ်ကို ပြောင်းလဲသုံးစွဲပါက သံနှင့်သံမဏိတင်သွင်းနေသူများအတွက် ယခင်ထက် ပို၍အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *