MT News

Written by Min Mahar

ရေနံချောင်းမြို့နယ်နေ ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသားတစ်ဦး နေအိမ်၌အိပ်ပျော်နေစဉ် ကျော်ဝင်းနိုင်(ခ) မုတ်ဆိတ်(ခ) ဗိုလ်စံရှားဆိုသူနှင့် အမည်မသိအမျိုးသား ၃ ဦးတို့က သေနတ်ဖြင့် ပစ်သ-တ်မှု မေလ ၂၉ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၉ ရက် နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ကုက္ကိုကွ ကျေးရွာတွင်နေထိုင်သည့် အသက် ၄၀ အရွယ်တောင်သူလုပ်ကိုင်သည့် ( ပြည်ခိုင်ဖြိုးပါတီဝန်းရံထောက်ခံသူ)အမျိုးသားသည် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ နေအိမ်အောက်ထပ် သစ်သားကုတင်တွင် အိပ်ပျော်နေစဉ် နေအိမ်၏အနောက်ဘက်တွင် ထန်းလက်ဖြင့်ကာရံထားသည့် ခြံစည်းရိုးအား ဖြဲ၍ဝင်လာသဖြင့် အိပ်ရာမှထကြည့်ရာ အမည်မသိ အမျိုးသား ၄ ဦးသည်သေနတ်ကိုယ်စီကိုင်ဆောင်ထားကြပြီး ဝင်လာ၍ ဇနီးဖြစ်သူက အသ-တ်ခံရသူအား ထွက် ပြေးခိုင်ခဲ့သည်။

ထို့ကြောင့် အသ-တ်ခံရသူမှ နွားခြံဘက်သို့ ထပြေးရာ သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခံရပြီး အသ-တ်ခံရသူသည်လည်း ပါးစပ်တည့်တည့်ကို ကျည်ဖောက်ဝင်သွားသည့်အတွက် မေးရိုးပြုတ်သောဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံကို ဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ဘယ်ရင်အုံအထက်ကိုလည်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

MT News သတင်းဌာနသို့ အသတ်ခံရသူ၏ဇနီး ပြောပြချက်အရ အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အမျိုးသား ၄ ဦးထဲမှ တစ်ဦးက “ငါက ဗိုလ်စံရှားပဲ။ တပ်က စစ်သားတွေကို ထမင်းကျွေးခဲ့တဲ့အတွက် အခု လာဆုံးမတာ”ဟု ပြောဆို၍ ရွာလယ်လမ်းမှ အင်တော-နတ်မောက်သွား ကားလမ်းအတိုင်း အင်တောကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်သို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ဖြစ်စဉ်နေရာအနီးတွင် ၇.၆၂ X ၅၁ ကျည်ခွံ ၄ ခုအားတွေ့ရှိသိမ်းဆည်းခဲ့ပြီး သေဆုံးသူအား နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့်ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားသည့် ကျော်ဝင်းနိုင် (ခ) မုတ်ဆိတ်(ခ) ဗိုလ်စံရှားဆိုသူနှင့်အမည်မသိ အမျိုးသား ၃ ဦးအား လက်မှတ်ကုန်းနယ်အမှုဖွင့်မြေရဲစခန်းမှ(ပ)၂၃/၂၀၂၃၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ ၅၀(က)/၅၁(ဂ)/၅၄ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *