၃၀. ၅. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်တူးဘောက်(Toolbox) ထဲထည့်ပြီးသယ်လာသည့် လက်လုပ်မိုင်း ထပေါက်ကွဲမှုဖြစ်ပြီး PDF အဖွဲ့ဝင် ၂ ဦးသေဆုံးမှု မြင်းမူမြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၉ ရက် မွန်းလွဲ ၂ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ (၁၉)လမ်းထိပ်အနီးတွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ PDF အမျိုးသားလူငယ် ၂ ဦးမောင်းနှင်လာရာမှ ဆိုင်ကယ်တူးဘောက်ထဲထည့်ပြီးသယ်လာသည့် လက်လုပ်မိုင်းက ရုတ်တရက်ထပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးလုံး ပွဲချင်းပြီးနေရာတွင် သေဆုံးသွားကာ ဆိုင်ကယ်လည်းတစစီ ပျက်စီးသွားကြောင်း သိရသည်။

“သေသွားတဲ့အလောင်းတွေက အသက် ၃၀ ဝန်းကျင်လောက်ရှိမယ်။ တူးဘောက်ထဲမှာ မိုင်းသယ်လာပြီး ရုတ်တရက်ထပေါက်ရာကနေ အခုလိုဖြစ်သွားတာပဲ။ ကံကောင်းလို့ လမ်းပေါ်မှာ အခြားသွားလာသူတွေမရှိလို့ ကျန်တာတော့မထိခိုက်သွားဘူး။ သူတို့နှစ်ယောက်နဲ့ဆိုင်ကယ်ပဲ ပျက်စီးသွားတာ။ ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်လို့ အနီးပတ်ဝန်းကျင်က လူတွေရဲ့ပြောသံတော့ကြားတယ်။ အခုထိသူတို့နဲ့ပတ်သတ်တဲ့အချက်အလက်တွေ မသိရသေးလို့ သက်ဆိုင်ရာက စုံစမ်းနေကြဆဲလို့ ကြားတယ်။ ဒါပေမဲ့ PDF အဖွဲ့ဝင်တွေဆိုတာကတော့ သေချာတယ်လို့ ကြားသိရတယ်” ဟု ဒေသခံပရဟိသမားတစ်ဦးက MT News ၏ မေးမြန်းမှုကို ယခုလိုဖြေသည်။

အဆိုပါအခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ကြပြီး သေဆုံးသွားသူများကိုလည်း ဒေသခံလူမှုကူညီရေးမော်တော်ယာဉ်ဖြင့် မြင်းမူမြို့ဆေးရုံကြီး၏ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *