MT News

Written By Thandar

လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာထုတ်လွှင့်နေတဲ့ “ကာရန်လွဲမေတ္တာ” ဇာတ်လမ်းတွဲမှာ ယောက်ျားတွေကို ချွဲရနွဲ့ရတာတွေ ပါလာလို့ ဒီဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာ စိတ်ကုန်လို့ ရည်းစားထားချင်စိတ်တောင် မရှိတော့ဘူးလို့ သရုပ်ဆောင် မေမြင့်မိုရ်က ဖွင့်ဟလာပါတယ်။

“ဒီဇာတ်ကား ဇာတ်ကကြီးပြီး ရှည်လည်းရှည်တော့ ယောက်ျားတွေအများကြီးနဲ့ ပတ်သက်ရတယ်။ ယောက်ျားတွေကို ချွဲရနွဲ့ရတာတွေ ပါလာတော့ ဒီဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာ စိတ်ကုန်လို့ ရည်းစားထားချင်စိတ်တောင် မရှိတော့ဘူးဖြစ်သွားတယ်။ စိတ်နည်းနည်း ကုန်သွားတယ်။ အမြဲတမ်း နေညိုရီဖြစ်အောင် စိတ်ထဲမှာ ထည့် သရုပ်‌ဆောင်ရတော့ခံစားရတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ်ကပြောပါတယ်။

ဒီဇာတ်ကားက ဆရာမကြီးနေနွယ်ဇင်မြင့်ရဲ့ “အဆင့်သင့်မေမေ” ဝတ္ထု အထူးထုတ်ကို ရန်ကုန်နဲ့ ပင်းတယဒေသဘက်တွေအထိ သွားရောက် ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ “ကာရန်လွဲမေတ္တာ” ဇာတ်လမ်းတွဲ အပိုင်း ၂ ကို ရဲအောင် ၊ မင်းဦး ၊ ချိုပြုံး ၊ မေသန်းနု ၊ မိုးသူရ ၊ မင်းသူ အပြင် MRTV-4 က Talent တွေလည်း ပါဝင် သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

“အမျိုးသမီး နေညိုရီဇာတ်ဖြစ်တဲ့အတွက် ငိုရတဲ့ ဆင်းန်တွေအရမ်းများတယ်။ သနားစိတ်လည်း ဝမ်းနည်းစရာလည်း ကောင်းတယ်။ ယောက်ျားနဲ့ သမီးလေးက ထားသွားတာလေ။ သူ့ဘဝမှာ တကယ့်ကို ချစ်တဲ့သူတွေကထားသွားတော့ အရမ်းဝမ်းနည်းပြီး ငိုမိတဲ့ ဆင်းန်တွေလည်းရှိခဲ့တယ်။ ငိုရလွန်းလို့ မျက်လုံးတွေဆို ကိုက်တာတို့ ခေါင်းကိုက်တာတွေလည်း ဖြစ်တယ်။ ဆင်းန်ပေါင်းများစွာ ငိုရတော့ ဒီကားမှာ ပင်ပန်းတာပေါ့။ အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *