April 20, 2024

တန်ချိန်သုံးသိန်းရှိ ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် မဒေးကျွန်းရေနံတင်ဆိပ်ကမ်းကို တွေ့ရစဥ် (Photo-MPA)

၂၆. ၅. ၂၀၂၃
Written by Ye Kyaw

မိုခါမုန်တိုင်းကြောင့် ယာယီရပ်ဆိုင်းထားသော တရုတ်နိုင်ငံသို့ ရေနံစိမ်းအဓိကတင်ပို့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းရှိ ရေနံစိမ်းတင်သင်္ဘောများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း South-East Asia Crude Oil Pipeline Company Limited (SEAOP)မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

“ယာယီရပ်ဆိုင်းထားတဲ့ ရေနံစိမ်းတင်သင်္ဘောတွေ အခုအားလုံးပုံမှန်အတိုင်းဆောင်ရွက်နေပါတယ်” ဟု SEAOP မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်မှုများကြောင့် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ‌ရေနံစိမ်းတင်သင်္ဘောများ ယာယီရပ်ဆိုင်းထားခဲ့သော်လည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုကို ပုံမှန်အတိုင်းလည်ပတ်နိုင်‌ရေး ဆောင်ရွက်ခဲ့ကြောင်း SEAOP မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါမုန်တိုင်းကာလအတွင်းမှာ လုပ်ငန်းခေတ္တရပ်တန့်ထားခြင်း (ရေနံစိမ်းတင်သင်္ဘော အဝင်/အထွက်မရှိခြင်း)၊ မုန်တိုင်းကာကွယ်ရေးစီမံမှု (မဒေးကျွန်းတွင်ထားသည့် သင်္ဘောများကို ကြိုးနှင့်ခိုင်ခံ့အောင်ချည်ပြီး ကမ်းကပ်ထားခြင်း)နှင့် ဝန်ထမ်းအင်အားပိုင်း ပိုမိုအားဖြည့်ခြင်း စသည့်လုပ်ငန်းစဥ် (၃) ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း SEAOP မှ တာဝန်ရှိသူက ပြောသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းကို South-East Asia Crude Oil Pipeline Company Limited (SEAOP) က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ‌မဒေးကျွန်းရှိ SEAOP ၏ ရေနံတင်ဆိပ်ကမ်း(Crude Oil Terminal)တွင် သင်္ဘောကြီးအလျား ၃၃၀ မီတာ၊ ရေစူး ၂၃ မီတာ၊ သင်္ဘောတန်ချိန် ၃၀၀,၀၀၀ ရှိသည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းမှစတင်၍ သွယ်တန်းထားပြီး ပိုက်လိုင်းများသည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်ပြီး တရုတ်နိုင်ငံ ရွှေလီမြိုမှ တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းကို ယခင်စွမ်းအင်ဝန်ကြီးဌာန (MOE) နှင့် China National Petroleum Corporation (CNPC) တို့ ၂၀၀၉ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် MOU လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူခရိုင်၊ မဒဲကျွန်းတွင် Workboat Wharf တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

DWT ၃၀၀,၀၀၀၊ LOA ၃၀၀ မီတာ၊ အကျယ် ၆၀ မီတာ၊ ရေစူး ၂၃ မီတာရှိသော ရေနံတင်သင်္ဘောဆိုက်ကပ်နိုင်သည့် Crude Oil Terminal တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *