MT News
Written by Peya
NLD ပါတီ၏ မန္တလေးတိုင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြသည် လွတ်ရက်စေ့၍ မေလ ၁၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေါ်ဝင်းမြမြ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ဒေါ်ဝင်းမြမြသည် မန္တလေးမြို့၊ အိုဘိုအကျဥ်းထောင်မှ ယနေ့နံနက်ပိုင်းတွင် ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကာ လွတ်လပ်ရေးနေ့ ထောင်ဒဏ် ၆ လ လျှော့ပေါ့ရာတွင် ဒေါ်ဝင်းမြမြလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက်ပဲ ပြန်လွတ်တာ မှန်ပါတယ်။ အခုတော့ အိမ်မှာ ရှိနေပါတယ်။ လွတ်ရက်စေ့တာပါ” ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူက ဆိုသည်။
ဒေါ်ဝင်းမြမြသည် ယခင်ကလည်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသူ ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် စဉ့်ကိုင်မြို့နယ်မှ ဝင်ရောက်ရွေးကောက်ခံခဲ့သည်။
