၁၀. ၅. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘူအာလမ်ဖူ ပြည်နယ်ရှိ ရက်ဆာမက်ကီး ဘုန်းကြီးကျောင်းတွင် ဝါနှင့် ပတ်သက်သည့် အငြင်းပွားမှုတစ်ခုကြောင့် ဘုန်းတော်ကြီးတစ်ပါးမှ အခြားဘုန်းတော်ကြီးတစ်ပါးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ယမန်နေ့ဖြစ်ပွားခဲ့ကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သေနတ်ဖြင့် အပစ်ခံရသော ဆရာတော်သည် ပစ်ခတ်မှုကို ငါးကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
နာခလမ် ရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာသို့ ရောက်ရှိချိန်တွင် ပစ်ခတ်ခံရသည့် သံဃာတော် သက်တော် ၅၇ နှစ် အရွယ် Weerapong Arsanarm သည် ဗိုက်နှင့် နောက်ကျောတို့တွင် ကျည်ဆန် ၅ ချက် ဒဏ်ရာများ ရရှိနေခဲ့ပြီး တာဝန်ရှိသူများက ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်သည့်ဆရာတော်မှာ သက်တော် ၇၄ နှစ်အရွယ် Wandee Phukhiaw ဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးခဲ့ခြင်းမျိုးမရှိဘဲ သေနတ်ကို ရဲထံ ပေးအပ်ခဲ့ပြီး ထိုသေနတ်မှာ လွန်ခဲ့သော အနှစ် ၂၀ကျော်က အစ်ကိုဖြစ်သူထံမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ယခုအခါတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဆရာတော်သည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲခံခဲ့ရပြီး သာသနာ့ဘောင်မှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။ အဆိုပါ ဆရာတော်နှစ်ပါးမှာ ယခင်ကလည်း ဝါနှင့် ထိုင်ခုံများအစီအစဥ်နှင့်ပတ်သက်၍လည်း မကြာခဏ အငြင်းအခုံများ ရှိခဲ့ကြကြောင်း ဘုန်းကြီးကျောင်းရှိ သက်သေများနှင့် အခြားဘုန်းတော်ကြီးများက အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံတွင် ထိုကဲ့သို့သော ဘုန်းတော်ကြီးများ ပဋိပက္ခဖြစ်ပွားရခြင်းမျိုးမှာ ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခုဖြစ်ရပ်မတိုင်ခင် ၃ ပတ်အလို၌ ဆူရင်ပြည်နယ်က ဘုန်းကြီးကျောင်းတစ်ခု၏ ပွဲတစ်ခုတွင် ဘုန်းကြီးနှစ်ပါးသည် အလားတူ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဝါငယ်သော ဆရာတော်သည် ဝါကြီးသောဆရာတော်၏ ရှေ့တန်းတွင် ထိုင်မိသောကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သေးသည်။
ထို့အပြင် မကြာသေးမီက ဘုန်းတော်ကြီး Khom Khonkaew နှင့် ၎င်း၏ အပေါင်းအပါများသည် ဘတ်ငွေ သန်း ၁၈၀ အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ဘုန်းကြီးကျောင်းပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးပြီးနောက် အာဏာပိုင်များက ထိုင်းဘတ်ငွေ သန်း ၁၉ တန်ကြေးရှိ ရွှေချောင်းများနှင့် ဘတ်ငွေ သန်း ၈၀ တန်ကြေးရှိသည့် ဘတ်ငွေများအပါအဝင် စုစုပေါင်း သန်း ၃၀၀ နီးပါးကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤဖြစ်ရပ်များသည် ထိုင်းနိုင်ငံရှိ သံဃာတော်များအကြား ကျင့်ဝတ်နှင့် ကျင့်ဝတ်စံနှုန်းများကို လိုက်နာရန် အရေးကြီးကြောင်းနှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း အဂတိလိုက်စားမှုနှင့် အကြမ်းဖက်မှုများကို တားဆီးရန် တင်းကျပ်သော စည်းမျဉ်းများ လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။
Ref; Thaiger
