၈. ၅. ၂၀၂၃
Written by Naing Thuta
စိတ်ကျန်းမာရေးဆေးရုံမှ သူနာပြုဆရာမကြီးတစ်ဦးသည် မီးစက်မောင်းပြီး အခန်းအလုံပိတ်၍ အဲကွန်းဖွင့်ထားရာမှ မီးစက်မီးခိုးငွေ့များရှူရှိက်မိသဖြင့် အသက်ရှူကြပ်ကာသေဆုံးသွားမှု အမရပူရမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လောကပါလ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် မနက် ၁၁ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာအုပ်စု၊ တောတွင်ကျေးရွာရှိ စိတ်ကျန်းမာရေးဆေးရုံဝန်းအတွင်းရှိ ၆ ခန်းတွဲလိုင်းခန်းမှ အခန်းအမှတ် (၁) တွင်နေထိုင်သည့် အသက် ၅၈ နှစ်အရွယ် သူနာပြုဆရာမကြီးသည် အခန်းများအလုံပိတ်၍ မီးစက်မောင်းကာ အဲကွန်းဖွင့်ထားရာမှ မီးစက်မီးခိုးများ ရှူရှိက်မိ၍ အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
“ဆရာမကြီးက တစ်ယောက်ထဲနေတာဖြစ်ပြီး အရမ်းပူတော့ မီးပျက်နေချိန်မှာ မီးစက်နှိုးပြီး အခန်းအလုံကာတဲ့အထဲ အဲကွန်းဖွင့်ပြီးနေရာက အခန်းကလုံတော့ မီးစက်ကထွက်တဲ့ မီးခိုးတွေရှူမိပြီး သတိလစ်မေ့မြောသွားရာကနေ သေဆုံးသွားတာဖြစ်မယ်။ မီးပြန်လာတော့ မီးစက်မပိတ်လို့ဆိုပြီး ဘေးအခန်းကသွားပြောတော့ ခေါ်မရလို့ဆိုပြီး သက်ဆိုင်ရာကိုအကြောင်းကြားလိုက်ကြတာ။ ရဲတွေရောက်လာပြီး စစ်ဆေးတော့လည်း ဘာပြင်ပဒဏ်ရာမှမရှိဘဲသေနေတာလို့ပြောတယ်”ဟု ထိုလိုင်းခန်းတွင် နေထိုင်သော ဝန်ထမ်းတစ်ဦးမှ MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါရုပ်အလောင်းအား လောကပါလ လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မြစ်ငယ်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၂၃ ဖြင့်ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးဆောင်ရွက်ထားကြောင်းလည်း သိရသည်။




