၃. ၅ .၂၀၂၃
Written by Hey Mar

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ခရစ်နှစ် ၂၀၂၃ ခုနှစ်ဧပြီလ ၃ ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်နေ့ထူးနေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီသို့ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူများ လာရောက်ကာ ညောင်ရေသွန်းလောင်းခြင်း၊ ဆုတောင်းမေတ္တာပို့သ ကုသိုလ်ပြုခြင်းများ ပြုလုပ်လျှက်ရှိသည်ကို မြင်တွေ့ရသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကဆုန်လပြည့်နေ့ကို ကဆုန်လပြည့် – ဗုဒ္ဓနေ့ ဟုလည်းကောင်း၊ ကဆုန်လပြည့် – မာန်ရ်အောင်နေ့ဟူ၍ လည်းကောင်း၊ ကဆုန်လပြည့် – ဝိသာခါနေ့ဟူ၍ လည်းကောင်း အမွှမ်းတင် ခေါ်ဝေါ် သတ်မှတ်ကာ ရိုးရာအစဉ်အလာများနှင့်အညီ ကျင်းပလေ့ရှိကြသည်။

ကဆုန်လပြည့်နေ့၏ ထူခြားချက်များကို ဗျာဒိတ်၊ ဖွားမြင်၊ ဗုဒ္ဓဝင်၊ စံဝင် နိဗ္ဗာန်နန်း ဟူ၍ စာချိုးဖြင့် အမှတ်သညာပြုခဲ့ကြသည်။ ဗျာဒိတ်- ဗျာဒိတ်ခံယူသည့်နေ့၊ လေး အသင်္ချေကမ္ဘာတစ်သိန်း အစရှိသည်မှာလည်း ကဆုန်လပြည့်နေ့ ဖြစ်သည်။ ဖွားမြင် – ဘုရားရှင်မွေးဖွားသည့်နေ့ မဟာသက္ကရာဇ် (၆၈)ခု၊ သောကြာနေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်သည်။ ဗုဒ္ဓဝင် – မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့တွင်လည်း ဗုဒ္ဓ၀င်အကျဉ်းဟောအားဟောကြားတော်မူခဲ့သည်။

ဘုရားဖြစ်သည့်နေ့ မဟာသက္ကရာဇ် (၁၀၃)ခု၊ ဗုဒ္ဓဟူးနေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။ ထို့နောက် ပရိနိဗ္ဗာန်စံသည့်နေ့ မဟာသက္ကရာဇ် (၁၄၈)ခု၊ အင်္ဂါနေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်သည်ဟု ဗုဒ္ဓဝင်စာပေကျမ်းဂန်များတွင် အကျယ်တဝင့်မှတ်တမ်းတင် ပြုစုဖော်ပြထားသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး၊ နေ့မြတ် ကို အာရုံပြု၍ ကဆုန်လပြည့်နေ့တွင် ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်း ပူဇော်ကာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲလေ့ ရှိကြသည်။

ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် (၇)ပါးတွင် စာရင်းဝင် ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုးအဖြစ် ယုံကြည်ကြခြင်း ဖြစ်သည်။

ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ တော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ကိုးကား – (မာဂဓီ သာစည် – အခါတော်နေ့များ)

Leave a Reply

Your email address will not be published. Required fields are marked *