၂၉.၄.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးကို ဧပြီလ ၂၉ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း MT News သတင်းဌာနက စုံစမ်းမေးမြန်းထားချက်အများအရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့် အချိန်က ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ရှိ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး လူငယ် ၂ ဦးက သေနတ်ဖြင့် လေးချက်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကာ အဆိုပါ တိုက်ခိုက်မှုကို မြို့ပြ UG PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကနဦး စုံစမ်းသိရရှိရသည်။
“အိမ်ကနေ SUZUKI SWIFT ကားနဲ့ ထွက်လာတုန်းမှာ သေနတ်နဲ့ ကားကိုပစ်တာ” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဆိုသည်။
MT News သတင်းဌာနက သိရရှိရသော ကနဦးအချက်အလက်များအရ ကားရှေ့မှန်တွင် ကျည်ဖောက်ရာ ၂ ချက်၊ ကားဘေးမှန်တွင် ကျည်ဖောက်ရာ ၂ ချက်ကို တွေ့ရကာ ထိုသို့ပစ်ခတ်ခဲ့သဖြင့် ယာဘက်ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“လောလောဆယ် ဖြစ်စဉ်ကို လိုက်စုံစမ်းနေပါတယ်။ ဖြစ်စဉ်က မှန်ပါတယ်။ ဘယ်လိုဖြစ်နေတာလဲ ဆိုတာကို စုံစမ်းနေတယ်” ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သေဆုံးသူမှာ ဦးရဲမင်းသန်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဥ် (၃၁) မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ကြောင်းလည်း MT News သတင်းဌာန၏ ကနဦးစုံစမ်းချက်များအရ သိရှိရသည်။
