၂၂. ၄. ၂၀၂၃
Written by Nay Moe

၁။

သန်လျင်တံတားအတက်အဆင်း တစ်ဖက်တစ်ချက်တွင် ကားအနည်းငယ်ပိတ်နေသော်ငြား မြို့ထဲတွင် အသွားအလာ ကြဲပါးနေသည့် သန်လျင်မြို့တွင်းသည် နေရာအချို့လူရှိသည်ဆိုရုံမှအပ တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ သွားသုတ်သုတ်၊ စားသုတ်သုတ်၊ လာသုတ်သုတ်ဆိုသော ဇောတစ်ခုသည် လူအများတွင် ကပ်ငြိနေသလို တွေ့မြင်နေရသည်။ ထို့အတူ ရန်ကုန်မြို့ဘက်သို့ ကူးလာမည့်သူများအနက် မသင်္ကာသည့် ကားများမှ လူများအား ဆင်းစေကာ စစ်ဆေးနေသည်ကို တွေ့ရပြန်သည်။ ထိုသို့ ရန်ကုန်သို့လာမည့်သူများကို သန်လျင်ဘက်ခြမ်းအတက်မှ တားဆီးစစ်ဆေးနေသည်ကို တွေ့ရသော်ငြား ရန်ကုန်ဘက်မှ သန်လျင်သို့ ဆင်းသည့်ကားများက စောင့်စားစရာမလိုသည်ကိုလည်း တွေ့မြင်ရပြန်ပေသည်။

ထိုသို့သော အခြေအနေသည် မည်သည့်အတွက်ကြောင့်ဖြစ်သနည်းဆိုသော် ဧပြီ ၁၈ ရက်မှ ဧပြီ၂၀ အတွင်း (နှစ်ရက်အတွင်း) လူလေးဦးဆက်တိုက် သတ်ဖြတ်ခံရခြင်းက စသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုမျှမကသေးပါ သန်လျင်တွင် မတ်လ ၂၄ ရက်မှ ဧပြီ ၂၀ ရက်အတွင်း (၂၆ ရက်အတွင်း) PDF များက သတ်ဖြတ်သည်မှာ လူ ၅ ဦးအထိ ရှိနေပြီဖြစ်ရာ ထို့အတွက်ကြောင့် တင်းကျပ်သော စစ်ဆေးမှုများ ရှိလာနေခြင်းလည်း ဖြစ်ပေသည်။

“လူသုံးဦး အသတ်ခံရတဲ့နေ့ကဆို တံတားနှစ်စင်းလုံးကို ပိတ်လိုက်တာ။ ညဘက်လည်း ဧည့်စာရင်းတွေစစ်တာ။ ဒါပေမဲ့ တရားခံမိသံတော့ မကြားဘူး။ အခုရက်ပိုင်း လူနည်းနေတာက တမြန်မနေ့ကတင် ကွမ်းယာရောင်းတဲ့သူ ပစ်သတ်သွားလို့။ ပစ်သတ်သွားတာက ညဘက်ကြီးလေ။ မီးက ပြတ်နေတော့ ဘာမှမြင်လိုက်ရတာမဟုတ်ဘူး။ အဲဒီညကလည်း ဧည့်စာရင်းတွေ လိုက်စစ်သေးတယ်”ဟု သန်လျင်မြို့ခံတစ်ဦးက MT News သို့ ဧပြီ ၂၂ ရက်တွင် ပြောသည်။

၂။

ထိန်းမနိုင် သိမ်းမရ ဖြစ်လာသော သန်လျင်မြို့ပြ လူသတ်ပွဲများ၏ အစ ကနဦးဖြစ်စဥ်မှာ မတ်လ ၂၄ ရက်က Biz Law Consult Myanmar ၏ CEO ဦးမင်းတေဇညွန့်တင်အား Urban Owl မြို့ပြပြောက်ကျား PDF အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းက စတင်သည်ဟု ဆိုရမည်ဖြစ်သည်။ သားဖြစ်သူအပါအဝင် အခြားသူများ၏ ရင်သွေးများကို ရှင်ပြုပေးမည့် ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်သည် ဆံချမည့်ကျောင်းတိုက်ဆီ အပြေးသွားချိန် Urban Owl မြို့ပြပြောက်ကျား PDF အဖွဲ့က ပစ်ခတ်လုပ်ကြံခဲ့ရာ ဦးမင်းတေဇညွန့်တင်မှာ နေရာတွင်ပင် သေဆုံးခဲ့ရသည်။ ထို့နောက်တွင်မတော့ သေဆုံးသူကို အပြစ်ဖို့ရာ ဦးမင်းတေဇညွန့်တင်မှာ စစ်တပ်နှင့် နီးစပ်ပြီး Money Laundering လုပ်သူဖြစ်ကြောင်း၊ ယခင်လေတပ်ချုပ်ငြိမ်း ဦးမြတ်ဟိန်းနှင့် အလွန်ရင်းနှီးသူဖြစ်ကြောင်း၊ ဖြုတ်ချခံရသော NLD အစိုးရလက်ထက် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ၂၀၁၇ ဇူလိုင်လမှ ၂၀၂၁ ဖေဖော်ဝါရီအထိ ပါဝင်ခဲ့သည်ကိုပင် နစကလက်ထက်တွင်မှ ဥပဒေအကြံပေးဖြစ်လာသယောင်ရေးသားမှုများ၊ ထိုင်းနှင့် မြန်မာ အသိအမှတ်ပြု မူပိုင်ခွင့်ဆိုင်ရာဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး The Deutsche Gesellschaft für Internationale Zusammenarbeit GmbH (GIZ) ၏ဥပဒေအကြံပေးအဖြစ် သုံးနှစ်ကျော်လုပ်ခဲ့သော ဥပဒေပညာရှင်ဦးမင်းတေဇညွန့်တင်မှာ ဆယ်တန်းပင်မအောင်ကြောင်းနှင့် အဆိုးဆုံးသော နာမည်ဖျက်မှုအဖြစ် အစိုးရနှင့် မဆိုင်သော Professional Legal Consultant တစ်ဦးကို မြို့နယ်ဥပဒေအရာရှိ အစိုးရဝန်ထမ်းဆွဲချတစ်ဦးဖြစ်ပြီး PDF များကို ထောင်ချနေသည်ဟု တံဆိပ်မျိုးစုံကပ်ကာ စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

NLD အစိုးရအဖွဲ့ဟောင်းမှ ဒေါ်အောင်ဆန်းစုကြည်သည် ဦးမင်းတေဇညွန့်တင် ၁၀ တန်းမအောင်ပါက ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဥပဒေအကြံပေးအဖြစ် ခန့်အပ်မည်ထင်ပါသလား။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွက် အစိုးရအဆက်ဆက် နိုင်ငံတော်အတွက် အလုပ်အကျွေးပြုခဲ့သူ ဥပဒေပညာရှင်တစ်ဦးသည် သေနတ်ကိုင်ခွင့်ရချိန် ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံ၊ ကျေးဇူးတင်မိကြောင်း ပို့စ်တစ်ခုနှင့် မရေရာသော စွဲချက်များအကြား သားရှင်ပြုနီးချိန်မှ သတ်ဖြတ်ခံခဲ့ရသည့်အပြင် နာမည်ပါ အဖျက်ခံလိုက်ရချေသည်။ ထိုသို့ ဦးမင်းတေဇညွန့်တင်အား လုပ်ကြံသတ်ဖြတ်သည့် Urban Owl မြို့ပြပြောက်ကျား PDF အဖွဲ့သည် လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲပင်ဖြစ်သည်။

“သူ့သားရှင်ပြုတော့မဲ့ရက်ကို ရှင်မပြုဖြစ်အောင် တမင်လုပ်ကြံလိုက်တာလို့မြင်တယ်။ သူတို့ စွပ်စွဲနေတာကလည်း အမှားတွေ။ လက်ရှိအချိန်ထိလည်း လုပ်ကြံသတ်ဖြတ်သူတွေကို ဖမ်းမိတာ မကြားရသေးဘူး” ဟု ဦးမင်းတေဇညွန့်တင်၏ မိတ်ဆွေဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့နှင့်လည်း နီးစပ်သူတစ်ဦးက ပြောသည်။

၃။

တစ်လမပြည့်ခင် ငါးယောက်သတ်ဖြတ်ခံရသော သန်လျင်မြို့၏ လူသတ်ပွဲများအတွက် ဒုတိယဓားစာခံများ စတေးရမှုမှာ ဧပြီ ၁၈ ရက်က သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သူ PDF များ၏ ရည်ရွယ်ချက်မှာ ပဇီကြီးရွာကို SAC ဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုသဖြင့် NUG ၏ ပကဖများ၊ ပအဖများ၊ PDF များနှင့် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲသို့ ရောက်လာသော ကလေးငယ်နှင့် အမျိုးသမီးအချို့ သေဆုံးခဲ့မှုကို လက်တုံ့ပြန်ရန် လက်ရှိ လေတပ်အရာရှိဖြစ်သူနေအိမ်ဟုဆိုကာ လာရောက်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုလုပ်ကြံမှုတွင် PDF များ ပစ်မှတ်ထားရာ လက်ရှိလေတပ်အရာရှိသည် ဘေးမသီရန်မခ မြူတစ်မှုန်မျှပင် မထိခိုက်သော်လည်း အကိုဟုဆိုသူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးအောင်ညီထွန်း၊ ဦးခင်မောင်သိန်းနှင့် ဦးအောင်မျိုးဆွေ တို့ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ထိုဖြစ်စဥ်တွင် အရာရှိဟောင်း ဦးအောင်ညီထွန်းမှအပ ကျန်သူများမှာ သာမန်ပြည်သူများဖြစ်သည့်အပြင် ဦးအောင်မျိုးဆွေမှာ NUG, PDF များကို ထောက်ခံသူဖြစ်ကြောင်းနှင့် PDF များက မှားယွင်းသတ်ဖြတ်ကြောင်း သဘောသက်ရောက်သည့်စာကို သားဖြစ်သူက ” လူမှားတာတဲ့လား အဖေရယ်။ ဘယ်လိုဖြေရမလဲဗျာ။ အဖေယုံကြည်ပါတယ်ဆိုတဲ့သူတွေ အဖေ့ကိုဒီလိုအဆုံးသတ်စေတာ အမှားတစ်ခုတဲ့လားဗျာ” ဟု ရေးသားခဲ့သည်။

ထိုမှားယွင်းသတ်ဖြတ်သည့်ဖြစ်စဥ်ကြောင့် လုပ်ကြံသတ်ဖြတ်သည့် PDF အဖွဲ့က ယင်းတို့လုပ်ကြံကြောင်း ဝန်မခံခဲ့တော့သော်လည်း ဦးအောင်ညီထွန်း၊ ဦးအောင်မျိုးဆွေနှင့် ဦးခင်မောင်သိန်းတို့ကို လေတပ်အရာရှိနှစ်ဦးနှင့် ဦးလေးတော်စပ်သူက ခုခံ၍ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု NUG ထောက်ပံ့ခံမီဒီယာများသို့ PDF များက ဖြေဆိုခဲ့မှုများ ရှိခဲ့သည်။ ထိုပြင် PDF များ၏ ကင်းထောက်ချန်နယ်ဖြစ်သော Eagle News ကလည်း ထိုသုံးဦးကို သတ်ဖြတ်သည့် PDF များ ဘေးကင်းကြောင်း အသိပေးပို့စ်တင်ခဲ့သည်။ နောက်ပိုင်းတွင် ဦးအောင်မျိုးဆွေမှာ သာမန်ပြည်သူသာဖြစ်ကြောင်းနှင့် အရာရှိမဟုတ်ကြောင်း NUG ထောက်ခံမီဒီယာများက သတင်းပြင်ဆင်ခဲ့သော်ငြား NUG ထောက်ခံသူတစ်ဦး၏ ဆုံးပါးသွားသော အသက်ကို မှားယွင်းသတ်ဖြတ်သူ PDF များက ကုစားမပေးနိုင်တော့ချေ။

၄။

သန်လျင်လူသတ်ပွဲများ၏ ပဉ္စမမြောက်သားကောင်မှာ ကျိုက်ခေါက်ဘုရားလမ်းဘေး အောင်ချမ်းသာကုန်းထိပ်ရှိ ကျော်ထက်ကွမ်းယာဆိုင်ပိုင်ရှင် ကိုထွန်းဦးကျော်ပင် ဖြစ်ခဲ့သည်။ ကိုထွန်းဦးကျော်ကို ဧပြီ ၂၀ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးက ပစ်ခတ်ခဲ့ရာ ကိုထွန်းဦးကျော်မှာ ကျည်ထိမှန်ရာလေးချက်ဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထိုဖြစ်စဥ်ကြောင့် ပစ်ခတ်သူအား နေရာအနှံ့ပိတ်ဆို့ရှာဖွေစစ်ဆေးသော်လည်း လုပ်ကြံသည့် PDF မှာ နေထိုင်ရာသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု PDF ကင်းထောက်ချန်နယ် Eagle News က တစ်နာရီခန့်အကြာတွင် အသိပေးခဲ့သည်။

ထိုဖြစ်စဉ်တွင်မတော့ ကွဲလွဲမှုအချို့ ရှိနေခဲ့သည်။ ကိုထွန်းဦးကျော်၏ အမျိုးအဆွေတစ်ဦးမှာ PDF ဖြစ်သဖြင့် ပျုစောထီးများက လုပ်ကြံသည်ဟု ပြန်လည် သတင်းထုတ်လာခဲ့ခြင်းဖြစ်သည်။ ထို့အတွက် MT News က မြေပြင်ကွင်းဆင်းမေးမြန်းရာ ကိုထွန်းဦးကျော်၏ ကွမ်းယာဆိုင် မနီးမဝေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းစောင့်သည့်နေရာဖြစ်သလို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကလည်း ထိုကွမ်းယာဆိုင်တွင် ကွမ်းဝယ်စားခြင်း၊ စကားစမြည်ပြောဆိုခြင်းများရှိသည့် အတွက် ဒလန်ဟု ပြောဆိုခံရမှုလည်း ရှိနေသည်ဟု သန်လျင်မြို့ခံတစ်ဦးက ပြောသည်။

“ အဲဒီကွမ်းယာဆိုင်က လုံခြုံရေးတွေကင်းစောင့်တဲ့နားလေးတင်ဆိုတော့ တပ်ကလူတွေ လာဝယ်စားလိုက်၊ စကားပြောလိုက်လုပ်နေတော့ ဒလန်ဆိုပြီး သတ်ကြတာ။ ဖြစ်သွားတာက မီးပြတ်တဲ့အချိန်ဆိုတော့ ဘယ်သူပစ်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ ဖြစ်ပြီးကာမှပဲလိုက်စစ်တာ။ အဲဒီတုန်းကလည်း ဖမ်းမိသံမကြားဘူး” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက MT News သို့ ပြောသည်။

၅။

သန်လျင်သည် ယခင်က အေးချမ်းခဲ့သည့်နယ်မြေဖြစ်သော်ငြား ခရမ်း၊ သုံးခွနှင့် ဆက်နွှယ်သော လုပ်ကြံတိုက်ခိုက်မှုများအကြား လူသတ်ပွဲဖြစ်ရာ ရန်ကုန်၏ အဆိုးဆုံး မြို့ပြနယ်မြေတစ်ခုအဖြစ်သို့ ကူးပြောင်းလာနေပြီဖြစ်သည်။ ပို၍ဆိုးသည်မှာ လောလောလတ်လတ်ဖြစ်ပွားခဲ့သည့် ၂၆ ရက်အတွင်း လူ ၅ ဦးသတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး တရားခံဖမ်းဆီးရမိမှုမရှိခြင်းမှာ လုံခြုံရေးတပ်ဖွဲ့များအတွက် ဖိအားများနှင့် မြို့နေလူထုအတွက် နေထိုင်ရ ကျပ်တည်းမှုများ ဖြစ်ပွားလာသည့်အပြင် သန်လျင်၊ သီလဝါနှင့် မကင်းနိုင်သူများမှာလည်း သန်လျင်မြို့ထဲနှင့် တံတားအတက်အဆင်းများတွင် ပိတ်မိနေကြသည့်ကာလများလာသလို အတင်းအကျပ်စစ်ဆေးမှုများလည်း ကြုံလာနေရပြီဖြစ်သည်။

“သန်လျင်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ကြားလို့ Facebook တက်ကြည့်လိုက်ရင် ပွဲကသွားတဲ့ (သတ်သွားတဲ့) PDF တွေ ဘေးကင်းရာရောက်နေပြီဆိုပြီး PDF ကင်းထောက်ချန်နယ်တွေနဲ့ သူတို့လူတွေက တင်နေပြီ။ ပိတ်မိနေတာက ပြည်သူပဲ။ နောက်ပြီး ဘယ်သူကရော ဒီလိုပိတ်စစ်နေတဲ့နေရာမျိုးမှာ သုံးနာရီ၊ လေးနာရီ ထိုင်စောင့်၊ အစစ်ခံ အဖမ်းခံမလဲ။ လုပ်ကြံပြီးတာနဲ့ လွတ်ရာကျွတ်ရာ ချက်ခြင်းပြေးမှာပေါ့။ ကြားထဲမှာက ပြည်သူတွေကပဲ အတင်းအကြပ်စစ်ဆေးခံနေရတာ”ဟု သီလဝါစက်မှုဇုန်ရှိ စက်ရုံတစ်ခုတွင် မန်နေဂျာတာဝန်ယူထားသူတစ်ဦးက ပြောသည်။

သန်လျင်ပင် မဟုတ်ပါ။ မြန်မာတစ်နိုင်ငံလုံးတွင် နေ့စဉ် လူသတ်မှုများ၊ လုယက်မှုများ ဖြစ်ပွားနေသည်မှာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သလို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်ပေးသူဆိုသည့် စွဲချက်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ လခရများကို NUG နှင့် PDF များက သတ်ဖြတ်ထားသည့် အရေအတွက်မှာ ၂၅၀၀၀ ကျော်ပြီ”ဟုလည်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ယူဝံ့ကြွားစွာပြောထားသလို SAC ကြောင့် သေဆုံးရသူ ၃၇၀၀ ကျော် ရှိလာနေပြီဟုလည်း ဆိုထားပြန်သည်။

ထိုသို့သော အခြေအနေများတွင် မြေစာပင်ဖြစ်နေရသည်မှာ ပြည်သူများသာဖြစ်ကြောင်းကိုလည်း နှစ်ဖက်တိုက်ပွဲများကြောင့် သေဆုံးရသည့် အပြစ်မဲ့ပြည်သူ ၃၀၀၀၀ ကျော်က သက်သေပြနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သန်လျင်မြို့ပြည်သူများသည် နေပူကြဲကြဲတွင် ပိတ်မိပြီး စစ်ဆေးခံရခြင်းများ၊ ဧည့်စာရင်းစစ်ခံရခြင်းများ၊ မတတ်သာသဖြင့် မကင်းရာ အစိုးရဌာနများသို့ သွားရောက်ရချိန် လုပ်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးရသည့်အပြင် နာမည်ပါ အဖျက်ခံရသည့်အခြေအနေများကို စိုးထိတ်နေကြပြီဖြစ်သည်။

“သန်လျင်ဘက်မှာက အငြိမ်းစားဝန်ထမ်းတွေ များသလို ဇာမဏီဆည်ဘက်မှာရော အတွင်းပိုင်းတွေဘက်မှာပါ ကျုးတွေလည်းများတယ်။ ပြီးတော့ အခုနောက်ပိုင်း ခရမ်း၊ သုံးခွဘက်မှာလည်း မငြိမ်ဘဲ မကြာခဏလုပ်ကြံနေကြတာဆိုတော့ သန်လျင်မှာလုပ်ကြံသူတွေက အဲဒီဘက်ကို ပြေးတာဖြစ်နိုင်တယ်။ ရန်ကုန်ဘက်အဝင်ဆို အရမ်းတင်းကြပ်ပြီးစစ်တာနဲ့ ဒီဘက်ခြမ်းမှာက ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ သုံးကြတာ။ ပစ်တဲ့သူတွေကလည်း ဆိုင်ကယ်တွေ၊ ဘေးတွဲတွေနဲ့ လာပစ်တာဆိုတော့ သူတို့ပြေးစရာက အဲဒီဘက်ခြမ်းပဲရှိတာ” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *