ဓာတ်ပုံ - မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
၂၂. ၄. ၂၀၂၃
Written by Ye Kyaw
လက်ရှိဘဏ္ဍာနှစ်အစတွင် ရက်သတ္တပတ် နှစ်ပတ်အတွင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ တစ်ဘီလျံကျော် ဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန် ပို၍တင်သွင်းထားကာ ပို့ကုန်တင်ပို့မှု လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၁၄ ရက်အထိ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၁ ဒသမ ၁၁၁ ဘီလျံဆောင်ရွက်ထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော် ပိုမိုဆောင်ရွက်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်ပတ်အတွင်း ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၄၃၆ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော်လျော့ကျကာ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၆၇၅ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၉၃ သန်း ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဘီလျံခွဲရရှိမည်ဟု ခန့်မှန်းထား၍ ယခင်နှစ်ထက် ဒေါ်လာ ၃ ဘီလျံအထိ တိုးမြှင့်ခန့်မှန်းထားပြီး ကုန်သွယ်မှုပို့ငွေ ဒေါ်လာသန်း ၅၀၀ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုတွင် ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံရရှိရန် လျာထားခဲ့ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံနီးပါးရရှိခဲ့ရာ ခန့်မှန်းထားသည့် ပမာဏထက် ဒေါ်လာ ၄ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
