November 1, 2024

၂၀. ၄. ၂၀၂၃
Written by Nyein Kyaw

လာမည့် မေလ ၂ ရက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“လုပ်ဖို့စီစဥ်နေတာက အခုလည်း အစည်းအဝေးတွေလုပ်နေတယ်။ လုပ်မယ့်ရက်ကတော့ မေ ၂ ရက် မြန်မာလနဲ့ဆို ကဆုန်လဆန်း ၁၄ ရက်ပေါ့။ လုပ်မယ်ပုံစံတွေဘာတွေကတော့ ကျွန်တော်တို့ ထုတ်ပြန်ပေးသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။

ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၂ ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် အရုဏ်တက်ချိန်၌ ‌ရွှေတိဂုံစေတီတော် အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလဆန်းပိုင်းကတည်းက တစ်ကျောင်းကို သံဃာတစ်ပါးနှုန်းနဲ့ စာရင်းကောက်ထားတာရှိတယ်။ ကပ္ပိယနဲ့ပေါ့။ လတ်တလောကတော့ အကြမ်းဖျဥ်းလောက်ပဲလုပ်ထားတာရှိတယ်။ အရင်အစိုးရတုန်းကလည်း ဒီလိုလောင်းလှူပွဲတွေရှိတာပဲ။ စီစဥ်သူတွေညံ့တဲ့အခါ သံဃာတွေ သွားရလာရအဆင်မပြေ၊ ဆွမ်းစားချိန်မမီနဲ့ ဒုက္ခကြုံရတာတွေလည်းဖြစ်ခဲ့ဖူးတယ်။ အဲဒီလိုမျိုးတွေ မဖြစ်ဘဲ သံဃာတွေအတွက် မြို့နယ်အလိုက် ကားစီစဥ်ပေးတာတို့ သွားရပြန်ရအရမ်းဝေးတဲ့သံဃာတွေ ဆွမ်းကပ်တာတို့ စနစ်တကျလုပ်ရင်တော့ ပိုကောင်းတာပေါ့။ အခုထိကတော့ မြို့နယ်တွေမှာ သံဃာ ၁၁၁၁၁ ပါး ဆွမ်းလောင်းမယ်။ ကြိုဖိတ်ထားဖို့ ဘာညာလောက်ပဲအကြမ်းဖျဥ်းသိရသေးတယ်” ဟု မြို့နယ်မဟနအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ရှေးဟောင်းတန်ဆောင်း၌ ပြုလုပ်ခဲ့သည်။

ယင်းအစည်းဝေးသို့ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *