MT News
Written by Hey Mar
ရန်ကုန်မြို့ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်တွင် မတ်လ ၁၉ ရက် ည ၁၁ နာရီခန့်က ကားလေးစီးဆင့်တိုက်မှု ဖြစ်ပွား၍ လူတစ်ဦးသေဆုံးကာ ဒဏ်ရာအပြင်းအထန်ရသူတချို့ ရှိကြောင်း ရန်ကုန်လူမှုကူညီကယ်ဆယ်ရေးအသင်း YRO မှ မရမ်းကုန်းခရိုင် ဒုတိယခရိုင်မှုး ကိုနိုင်ဦးက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
ဖြစ်စဥ်မှာ တောင်အရပ်မှ မြောက်အရပ်သို့ ဦးတည်မောင်းနှင်လာသော Crown အနီရောင်ယာဥ်မှ ပါရမီလမ်းနှင့် အင်းစိန်လမ်းထောင့်ရှိ မီးပွိုင့်သို့အရောက်တွင် မီးနီကိုဖြတ်မောင်းရာ အရှေ့မှအနောက်သို့ဦးတည်မောင်းနှင်၍ မီးစိမ်းကိုဖြတ်လာသော Toyota Fielder အနက်ရောင်ယာဥ်နှင့် တိုက်မိမလို ဖြစ်ပွားခဲ့သည်ကို Fielder ယာဥ်မှ ရှောင်တိမ်းထွက်ရာတွင် လမ်းလည်ကျွန်းကို တိုက်မိပြီး ယာဥ်ပေါ်ပါ မိသားစု ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Fielder ယာဥ်ကို Crown က မီးနီဖြတ်ပြီး ဝင်တိုးတာ။ Crown ကို မောင်းလာသူက အရက်သောက်ထားပါတယ်။ မူးနေတယ်၊ Fielder ယာဥ်မောင်းက မတိုက်အောင်ရှောင်ပေမယ့် လမ်းလည်ကျွန်းကို အရှိန်နဲ့ တိုက်မိတာ။ အဲဒီမှာ Crown ကထပ်ပြီး အခြား ကား ၂ စီးကို ဆင့်တိုက်တာ။ အခြေအနေဆိုးတာကတော့ Fielder ပေါ်က မိသားစုပါ။ ၃ နှစ်သားကလေးက ခေါင်းကွဲတယ်။ ကားမောင်းတဲ့ အဖေက အနီရောင်အဆင့်လူနာ။ အမေကတော့ စကယ်ထုတ်ကတည်းက အခြေအနေမဟန်တာ။ကျွန်တော်တို့ အင်းစိန်ဆေးရုံကိုအပို့မှာ လမ်းပေါ်တင်ဆုံးတယ်။ အဖေနဲ့ သားကတော့ ရန်ကုန်ဆေးရုံကို မှာကုသနေပါတယ်”ဟု YRO မှ ကိုနိုင်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် ညသန်းခေါင်အချိန်၌ အရက်သေစာသောက်စား၍သော်လည်းကောင်း ၊ ကားပြိုင်မောင်းခြင်းကြောင့်သော်လည်းကောင်း ၊ ယာဥ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ၊ ယခုနှစ်အစမှ မတ်လ အတောအတွင်းပင် ကူညီကယ်ဆယ်ရမှု ၂၈ မှုရှိသည်ဟု ရန်ကုန်လူမှုကူညီရေးအသင်းက ယင်းတို့ အသင်းလမ်းကြောင်းဆောင်ရွက်ရမှု အခြေအနေတွင် ဖြစ်ပေါ်ခဲ့သော အရေအတွက်ကို MT News သို့ ပြောသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း ရန်ကုန်မြို့တွင် တစ်ညတည်း ယာဥ်တိုက်မှု ၃ ခု ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်ဖြစ်ပွားရာ၌ လူသေဆုံးမှုမရှိခဲ့သော်လည်း ယာဥ်တိုက်မှုဖြစ်စဥ်များမှာ မီးပွိုင့်များတွင် ညအချိန်ဖြစ်၍ ကားရှင်းသဖြင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များဖြစ်ကြောင်းကိုလည်းရန်ကုန်မြို့တွင်းက လူမှုကူညီရေး အသင်းတစ်သင်းဖြစ်သော ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌမှ မှတ်ချက်ပြု ပြောဆိုသည်။
ပုံစာ။ ယာဥ်လေးစီးဆင့်တိုက်မှုမြင်ကွင်းများ(Photo-YRO)




