၂၀.၃.၂၀၂၃
Written by Peya
မန်နေဂျာနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင်တို့ကို PDF ထံက ကျပ်သိန်း ၂၀၀၀ ဖြင့် ရွေးယူခဲ့ရသည့် ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့ကြောင်း MT News သတင်းဌာနက စုံစမ်းသိရရှိသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား PDF များက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကျပ်သိန်း ၁၀၀၀၀ နှင့် ပြန်လည်ရွေးယူခိုင်းရာ ကျပ်သိန်း ၂၀၀၀ ဖြင့် ညှိနှိုင်းပြီး ပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
“စက်ရုံက ရန်ကုန်က ရွှေပြည်သာ စက်မှုဇုန်ဘက်ကို ပြောင်းလာတာလို့ သိရပါတယ်” ဟု ပခုက္ကူမြို့မှ ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
နောက်ဆုံးသိရှိရသော အချက်အလက်များအရ အဆိုပါ Myanmar Effort Company Limited အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် တရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးရှိပြီး အဆိုပါစက်ရုံသည် ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်၍ ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။
