MT News

Written by Tha Doe

လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံအား စက်တင်ဘာ ၄ ရက် ည ၈ နာရီခန့်တွင် မသမာသူလူတစ်စုက ဖောက်ခွဲဖျက်ဆီးမှုပြုခဲ့သဖြင့် ထရန်စဖော်မာလေးလုံး ဗုံးဆံထိမှန်ခဲ့ပြီး ပြုပြင်နေဆဲကာလတွင် ဓာတ်အားအလှည့်ကျပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က စက်တင်ဘာ ၅ ရက်တွင် ကြေညာထားသည်။

YESC ၏ အသိပေးပန်ကြားစာတွင် –

လှိုင်မြို့နယ်၊ RIR ဓာတ်အားခွဲရုံအား မသမာသူလူတစ်စုမှ ဖောက်ခွဲဖျက်စီးရေး ဆောင်ရွက်ခဲ့မှုကြောင့် 30 MVA ထရန်စဖော်မာ သုံးလုံးနှင့် 20 MVA ထရန်စဖော်မာ တစ်လုံး ဗုံးစထိမှန်၍ Radiator များ ပျက်စီးကာ ဆီပန်းထွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့သည်ဟု ဆိုသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရှိ လျှပ်စစ်ဝန်ထမ်းများ အချိန်နှင့်တပြေးညီ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အများပြည်သူများအား ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့သော်လည်း RIR ခွဲရုံရှိ (66/11-6.6) kV, 20MVA ထရန်စဖော်မာသည် ထိခိုက်ပျက်စီးမှုများပြားပြီး ပြုပြင်နေဆဲဖြစ်သောကြောင့် အလှည့်ကျဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လှိုင်မြို့နယ်အတွင်း ဓာတ်အားအလှည့်ကျပေးရာတွင် Group A အဖြစ် ပါရမီ၊ မာလာမြိုင်၊ ဘုရားလမ်း၊ လှိုင်ရတနာမွန်၊ ဒန်ကြွေ၊ လှိုင်ရုံး၊ တာပေါ်လင် စသည့်နေရာများနှင့် Group B အဖြစ် မဟာဆွေ၊ သမိုင်း၊ ရွှေကျီး၊ နဝရတ်၊ 6.6 kV CO2 စသောနေရာများကို ပြုပြင်ပြီးချိန်အထိ တစ်အုပ်စုလျှင် အလှည့်ကျ ၄ နာရီစီ ဓာတ်အားပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *