




၁.၁၁.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ ပညာရေး ဒီဂရီကောလိပ်ဝန်းတွင် မြေအောက်အုတ်ရေကန်အတွင်း ငြမ်းဆင်းဖြုတ်ရာမှ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ပွားပြီး အလုပ်သမား လေးဦး သေဆုံးမှု နိုဝင်ဘာလ ၁ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ဝန်းတွင် အသစ်တည်ဆောက်ထားသော ၁၈ ပေပတ်လည်၊ အနက် ၆ ပေခွဲ မြေအောက်ရေအုတ်ကန်ထဲသို့ အလုပ်သမား ငါးဦးက ငြမ်းများကို ပြန်ဖြုတ်ရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ သတိလစ်မေ့မြောခဲ့ကြောင်း သိရသည်။
သတိလစ်မေ့မြောနေသော လူနာများကို မိတ္ထီလာ ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းကယ်ဆယ်ခဲ့ရာ အမျိုးသားလေးဦး သေဆုံးနေပြီး အမျိုးသားတစ်ဦးကိုသာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။
အသက်ရှင်သော အမျိုးသားတစ်ဦးကို လိုအပ်သော ဆေးဝါးကုသမှုဆောင်ရွက်နိုင်ရန် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူလေးဦးကို မိတ္ထီလာပြည့်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ရေတွင်းထဲဆင်းပြီး အောက်ဆီဂျင်ပြတ်လို့ သေတဲ့သူတွေလည်း မနည်းတော့ဘူး။ အောက်ဆီဂျင်ပြတ်လို့ သေဆုံးမှုတွေမဖြစ်အောင်လည်း သိတဲ့သူတွေက အသိပညာတွေ ဖြန့်ဖြူးပေးကြပါ။ လူ့အသက်လောက် ဘယ်အရာမှ အရေးမကြီးပါဘူး”ဟု အင်ဂျင်နီယာတစ်ဦးက ပြောသည်။
