


နေမိုး
၁. ၁၁. ၂၀၂၆
အကြမ်းဖက်သမားများ အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ တောင်ငူ – သာယာကုန်း ဓာတ်အားလိုင်းရှိ တာဝါတိုင်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက အဆိုပါလုပ်ငန်းခွင်အတွင်းသို့ FPV Drone များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
အဆိုပါ ၂၃၀ ကေဗွီ တောင်ငူ – သာယာကုန်းဓာတ်အားလိုင်းသည် မြန်မာပြည်အထက်ပိုင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ ဓာတ်အားပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါဓာတ်အားလိုင်းရှိ တာဝါတိုင်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နှင့် ဇန်နဝါရီ ၂၃ ရက်တို့တွင် အကြမ်းဖက်သမားများ၏ အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် နေရာများစွာတွင် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ပျက်စီးနေသည့် တာဝါတိုင်များကို ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်သမားများက ယခုကဲ့သို့ FPV Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စက်ကိရိယာ၊ ယန္တရားများပျက်စီးခဲ့ကြောင်း၊ ဆက်လက်၍ အဆိုပါဓာတ်အားလိုင်းကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်း ပြုပြင်ပြီးစီးပါက မဂ္ဂါဝပ် (၂၀၀)ခန့် ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
