၁၀. ၁၀. ၂၀၂၂

MT News

တနင်္ဂနွေညမှာ ယှဥ်ပြိုင်ကစားတဲ့ အဲဗာတန်နဲ့ပွဲ ရိုနယ်ဒိုဟာ ကလပ်အသင်းတွေအတွက် ၉၄၅ ပွဲကစားပြီး သွင်းဂိုး ၇၀၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုင်တတ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပေမဲ့ ပွဲချိန် ၂၉ မိနစ်မှာ မာရှယ်လ် ဒဏ်ရာရပြီး လူစားလဲချိန် GOAT ဟာ ကွင်းအတွင်းကို လူစားဝင်လာခဲ့ပြီး ပွဲကစားချိန် ၄၄ မိနစ်မှာတော့ သူတစ်ယောက်တည်းသာ စွမ်းဆောင်ထားနိုင်တဲ့ ကလပ်အသင်းတွေအတွက် ၇၀၀ မြောက်သွင်းဂိုးကို သွင်းယူပြနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကိုတော့ ၃၇ နှစ်သားကြီးဟာ ရီးရဲလ်အသင်းဖော်ဖြစ်ခဲ့တဲ့ ကက်စ်မဲရိုးရဲ့ ဖန်တီးပေးမှုကနေ အဲဗာတန်နောက်တန်းကစားသမားတွေပါ ကျော်ဖြတ်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ဆိုတာ ရိုနယ်ဒိုအတွက်တော့ ခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်ဘဲ လွယ်ကူတဲ့အလုပ်ဆိုတာ ဒီတစ်ပွဲမှာ ထပ်မံသက်သေပြခဲ့ပါတယ်။

ရိုနယ်ဒိုရဲ့ ကလပ်အသင်းတွေအတွက် သွင်းဂိုး ၇၀၀ ကို ဘယ်အသင်းတွေအတွက် သွင်းခဲ့တာလဲ မေးမယ်ဆိုရင်တော့ စပို့တင်းအတွက် ငါးဂိုး၊ မန်ယူအတွက် ပထမတစ်ကြိမ်မှာ ၁၁၈ ဂိုး၊ ရီးရဲလ်အတွက် ဂိုး ၄၅၀၊ ဂျုဗင်တပ်အတွက် ၁၀၁ ဂိုးနဲ့ တကျော့ပြန်မန်ယူအတွက်တော့ လက်ရှိ ၇၀၀ မြောက် စံချိန်တင်ဖြစ်စေမဲ့ဂိုးအပါအဝင် ၂၆ ဂိုး သွင်းယူပေးထားပါတယ်။ ဒီလိုမျိုး ကလပ်အသင်းတွေအတွက် သွင်းဂိုး ၇၀၀ ပြည့်ဖို့ကိုတော့ ရိုနယ်ဒိုလ်ဟာ ပထမသွင်းဂိုးစသွင်းပြီးနောက် အနှစ် ၂၀ နဲ့ ၂ ရက်တိတိ အချိန်ယူခဲ့ရပါတယ်။ ဒီ့အတွက် ဂယ်ရီလိုင်နီကာကတော့ ရိုနယ်ဒိုဟာ တစ်ရာသီကို ၃၅ ဂိုးနှုန်းနဲ့ အနှစ် ၂၀ တိတိဂိုးသွင်းခဲ့တာဖြစ်ပြီး မယုံကြည်နိုင်စရာကောင်းတယ်လို့ သူ့ရဲ့ Twitter မှာ မှတ်ချက်ပြုခဲ့ပါတယ်။

သွင်းဂိုး ၇၀၀ ဆိုတဲ့ စံချိန်မတိုင်ခင်ကတော့ ဂျိုးဇက်ဘီကန်ရဲ့ ၆၇၆ ဂိုးဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ထားတာဖြစ်ပြီး ကလပ်အသင်းတွေအတွက် သွင်းဂိုး ၇၀၀ သွင်းယူပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ရိုနယ်ဒိုရဲ့ အကြီးဆုံး​ပြိုင်ဘက် မက်ဆီကတော့ ဘာစီလိုနာ-စီ အသင်းအတွက် ငါးဂိုး၊ ဘီအသင်းအတွက် ခြောက်ဂိုး၊ ဘာစီလိုနာအတွက် ၄၇၄ ဂိုးနဲ့ PSG အတွက်တော့ ၁၁ ဂိုးသွင်းယူပေးထားပါတယ်။

စံချိန်တွေကို အမြဲတမ်းချိုးဖြတ်ပြနေတဲ့ အံ့ဖွယ်လူသား ၃၇ နှစ်သားဟာ ဒီရာသီမှာ ခက်ခဲမှုတွေ ​ကြုံတွေ့ခဲ့ရပြီး ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ဖိအားအများအပြားကြုံခဲ့ရပေမဲ့ သူ့ထုံးစံအတိုင်း ပြိုင်ဖက်မရှိ ကလပ်အသင်းသွင်းဂိုး ၇၀၀ သွင်းသူဆို​တဲ့ မှတ်တမ်းနဲ့ ကျော်ဖြတ်သွားနိုင်ခဲ့သလို ဒီသွင်းဂိုးကြောင့်လည်း မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့အရှုံးနောက်မှာ ပရီးမီးယားလိဂ်ပြေးလမ်းအတွက် အနိုင်သုံးမှတ်ကို မန်ယူအတွက် စုဆောင်းပေးနိုင်ခဲ့ပြန်ပါတယ်။

ကလပ်အသင်းတွေအတွက်ပဲ သွင်းဂိုး ၇၀၀ နဲ့ ဘယ်သူမှလိုက်မမှီအောင် စွမ်းဆောင်ပြနိုင်ထားတာမဟုတ်ဘဲ နိုင်ငံအသင်းအတွက်လည်း ရိုနယ်ဒိုကို မှီသူမရှိဘဲ စုစုပေါင်း ၁၁၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားပြန်ပါသေးတယ်။ သူ့ရဲ့ ကစားသမားဘဝ အနားယူချိန်နီးကပ်လာပြီဆိုပေမဲ့ စံချိန်တွေကို အမြဲတမ်းချိုးပြနေတဲ့ ၃၇ နှစ်သားဟာ လာမဲ့ ကမ္ဘာ့ဖလားမှာရော ပေါ်တူဂီအတွက် ဘာတွေထပ်လုပ်ပြဦးမလဲ။ ဘယ်လိုစံချိန်တွေကို ချိုးဖျက်ပြဦးမလဲဆိုတာတော့ စောင့်ကြည့်ချင်စရာကောင်းနေပါသေးတယ်။ သေချာတာကတော့ CR7 ဟာ Greatest of All Time ဆိုတဲ့ GOAT အနေနဲ့ ခြွင်းချက်မရှိဂုဏ်ပြုထိုက်တဲ့ သူပါပဲ။ GOAT အဖြစ်နဲ့ ကြီးကျယ်တဲ့ ရိုနယ်ဒိုနဲ့ မက်ဆီရဲ့ ပြိုင်ဆိုင်မှုကို အနှစ် ၂၀ လောက် ထိုင်ကြည့်ခွင့်ရခဲ့တဲ့ ကျွန်တော်တို့အားလုံးဟာလည်း ကံထူးခဲ့တယ်လို့ပဲ……။

Leave a Reply

Your email address will not be published. Required fields are marked *