




၉.၁၀.၂၀၂၆
Written by NYL
အဆင့်မြင့်မင်္ဂလာစျေးကို မူလဆောက်လုပ်ရန်အတည်ပြုထားသည့် Basement (၂) ထပ်အပါအဝင် (၁၅) ထပ် အဆောက်အဦအား ဆက်လက်မဆောင်ရွက်နိုင်သဖြင့် လက်ရှိပြီးစီးသည့် (၈) လွှာ အထိသာ ဆောင်ရွက်ခွင့်ပြုရန် သဘောတူစာချုပ် ပြင်ဆင်ချုပ်ဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မာချိုက စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ” ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း အစီအစဉ်အရ တိုင်းဒေသကြီးစာရင်းစစ်ချုပ်က ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မာချိုက “လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ အဆင့်မြင့်မင်္ဂလာဈေးကို မူလဆောက်လုပ်ရန်အတည်ပြုထားသည့် Basement (၂) ထပ်အပါအဝင် (၁၅) ထပ် အဆောက်အဦအား ဆက်လက်မဆောင်ရွက်နိုင်သဖြင့် လက်ရှိပြီးစီးသည့် (၈)လွှာ အထိသာ ဆောင်ရွက်ခွင့်ပြုပါရန် ၂-၇-၂၀၂၆ ရက်စွဲပါစာဖြင့် တင်ပြလာခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အဆင့်မြင့်မင်္ဂလာစျေးကို တည်ဆောက်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီမှ လက်ရှိပြီးစီးသည့် (၈)လွှာအထိ ဆောက်လုပ်ခွင့်ပြုပါရန် တင်ပြလာမှုအပေါ် စာချုပ်ပြင်ဆင်ချုပ်ဆိုရန်နှင့် ဌာန၏ရသင့်ရထိုက်သော အကျိုးအမြတ်များ ရရှိနိုင်စေရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ ဌာနတာဝန်ရှိသူများမှ အလေးထားစီမံဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က သုံးသပ်အကြံပြုခဲ့ကြောင်း သိရသည်။
အဆင့်မြင့်မင်္ဂလာဈေးတည်ဆောက်ခြင်းလုပ်ငန်းအား YCDC နှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့သည် လုပ်ငန်းတန်ဖိုး ကျပ် ၆၇ ဒသမ ၄၈၀ ဘီလီယံဖြင့် ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် တည်ဆောက်ရေးကာလမှာ ၂၀၂၂ မတ် ၅ ရက်အထိ လပေါင်း(၃၀)၊ ပြုပြင်ဖြည့်စွက်ရန် (၁၂) လတို့ သတ်မှတ်၍ မူလသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ယခင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ယခင်ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဥပဒေရေးရာဝန်ကြီး ဌာနတို့ထံ သက်တမ်းထပ်မံတိုးမြှင့်ခြင်းအတွက် အကြံပြုချက်တောင်းခံခဲ့ပြီး ယင်းတို့၏ သဘောထားမှတ်ချက်များနှင့်အတူ စီးပွားရေးရာကော်မတီသို့ တင်ပြခဲ့ရာ အတည်ပြုချက်ရရှိခဲ့ကြောင်း တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးထံသို့ စာချုပ်မူကြမ်းပေးပို့ခဲ့ပြီး အကြံပြုချက်အတိုင်းပြင်ဆင်၍ YCDC မှ ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်စွဲပါစာဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြခဲ့ပြီး ဒုတိယအကြိမ် ပြင်ဆင်စာချုပ်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ထိုသို့ ဒုတိယအကြိမ်ပြင်ဆင်စာချုပ်အရ သက်တမ်းတိုးခွင့်ပြုသည့်ကာလအတွက် ဒဏ်ကြေးအဖြစ် တစ်ရက်လျှင် ကျပ် ၁၀ သိန်းဖြင့် ကျသင့်သော ရက်လွန်ကြေးများကို ဒုတိယအကြိမ် ပြင်ဆင်စာချုပ်ချုပ်ဆိုသည့်နေ့တွင် အပြီးပေးသွင်းရမည်ဟု ချုပ်ဆိုခဲ့ပြီး ဒဏ်ကြေး ကျပ်သန်း ၁,၀၆၀ အား ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အတွင်း ပေးသွင်းပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အဆင့်မြင့်မင်္ဂလာဈေးတည်ဆောက်ရေးလုပ်ငန်း သက်တမ်းကာလကုန်ဆုံးချိန် ၂၀၂၅ ခုနှစ်၊ မေ ၃၀ ရက်တွင် အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေမှာ Basement 1, 2 မှ (၈) လွှာအထိ ပြီးစီးခဲ့ပြီး ဆန်းမြတ်ထွန်းကုမ္ပဏီမှ ဈေးအထပ်လွှာများတွင် လိုအပ်သောပြင်ဆင်မှုများ ပြီးစီးပြီဖြစ်၍ YCDC မှ ရရှိမည့်အထပ်လွှာများအား အပ်နှံကြောင်း ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်စွဲဖြင့် ရက်စွဲဖြင့် တင်ပြလာခြင်းအား လွှဲပြောင်းလက်ခံရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ဈေးဆိုင်များ ဖွင့်လှစ်ရန်လိုအပ်ချက်များအား ဖြည့်စွက်ဆောင်ရွက်လျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ အဆင့်မြင့်မင်္ဂလာဈေးကို မူလဆောက်လုပ်ရန် အတည်ပြုထားသည့် Basement (၂) ထပ်အပါအဝင် (၁၅) ထပ် အဆောက်အဦအား ဆက်လက်မဆောင်ရွက်နိုင်သဖြင့် လက်ရှိပြီးစီးသည့် (၈) လွှာ အထိသာ ဆောင်ရွက်ခွင့်ပြုပါရန် ယခုနှစ် ဇူလိုင် ၂ ရက်တွင် တင်ပြလာခဲ့ပြီး YCDC မှ ရရှိမည့် အထပ်လွှာများအားလုံး ရာနှုန်းပြည့်ရရှိခြင်း၊ ဈေးသူဈေးသားများမှလည်း ယာယီဈေးဆိုင်ခန်းများတွင် ရောင်းချနေရသည့်အခက်အခဲများကြောင့် ဆန်းမြတ်ထွန်းကုမ္ပဏီ၏ ပြင်ဆင်ဆောင်ရွက်ခွင့်တင်ပြလာခြင်းအပေါ် လက်ရှိတည်ဆောက်ပြီးစီးသည့် အထပ်လွှာအထိသာ ဆောက်လုပ်ခွင့်ပြုပါရန်နှင့် မူလ သဘောတူစာချုပ်အား ပြင်ဆင်ချုပ်ဆိုခွင့်ပြုပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇူလိုင် ၉ ရက်စွဲပါစာဖြင့် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ကြောင်း သိရသည်။
ယင်းအပေါ် နိုင်ငံတော်သမ္မတရုံး၊ စီမံကိန်းနှင့်စီးပွားရေးရာဌာနကြီးမှ ဇူလိုင် ၂၇ ရက်စွဲပါစာဖြင့် Basement (၂) ထပ်အပါအဝင် လက်ရှိပြီးစီးသည့် (၈) ထပ် အထိသာ ဆောက်လုပ်ရန်၊ သဘောတူစာချုပ်ပြင်ဆင်ချုပ်ဆိုရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် အကြောင်းကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရသည်။
