
သက်တံ့
၉. ၁၀. ၂၀၂၆
မြန်မာ့ပေါ်ဆန်းမွှေးဆန်မှာ ကမ္ဘာ့အကောင်းဆုံးဆန် ဆုကို ဒုတိယအကြိမ် ထပ်မံရရှိလိုက်သဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာ ယခုည ထုတ်ပြန်လိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါသည်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာက ဖော်ပြသည်။
ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာရှိသော ဆုတံဆိပ်ကို ရရှိခြင်းသည် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဆိုသည့် စကားရပ်နှင့်အညီ မြန်မာ့ဆန်၏ အရည်အသွေး၊ အနံ့အရသာနှင့် ထူးခြားကောင်းမွန်မှုတို့ကို ကမ္ဘာက အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အမျိုးသားဂုဏ်ယူမှုကိုလည်း မြှင့်တင်ပေးနိုင်သည့် ထူးခြားသော အောင်မြင်မှုတစ်ရပ်ပင် ဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ဂုဏ်ယူထားသည်။
ဤအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင် ဆောင်ရွက်ကြသူများ၏ ဇွဲလုံ့လအသီးအပွင့်လည်း ဖြစ်သကဲ့သို့ မြန်မာ့ဆန်၏ အရည်အသွေးကို ပိုမိုမြှင့်တင်ခြင်း၊ နိုင်ငံတကာဈေးကွက်များသို့ ပိုမိုထိုးဖောက်ဝင်ရောက်ခြင်းနှင့် တန်ဖိုးမြှင့် ဆန်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးတို့ကို ပိုမိုအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်ဟုလည်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာက ဖော်ပြသည်။
ထို့အတူ ယခုကဲ့သို့ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုကို ဖော်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့ဆန်စပါး ကဏ္ဍမှ တောင်သူလယ်သမားများ၊ ဆန်စပါးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးချီးကျူးဂုဏ်ပြုကြောင်းနှင့် မြန်မာ့ပေါ်ဆန်းဆန်၏ ကမ္ဘာ့အဆင့်မီ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြပြီး မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုနေရာရရှိကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အထောက်အကူပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါကြောင်းလည်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ဂုဏ်ပြု ဖော်ပြပေးခဲ့သည်။
